သုံးထပ်ကွမ်း ရွှေဆုတွေရဲ့ ရွှေပိုင်ရှင် အားကစားသမား

  • 20 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျမေကာ အသင်းက အားကစား သမား Usain Bolt

ဘရာဇီး နိုင်ငံ ရီယိုဒီ ဂျနေးရိုး မြို့မှာ ကျင်းပနေတဲ့ Rio 2016 အိုလံပစ် အားကစားပြိုင်ပွဲမှာ မနေ့ ညက အမျိုးသား မီတာ လေးရာ လက်ဆင့်ကမ်း ပြေးပွဲမှာ ယူစိန်ဘို့ ပါ၀င်ပြီး ပြေးတဲ့ ဂျေမေကာ အသင်း အနိုင်ရခဲ့တာကြောင့် ယူစိန်ဘို့ဟာ တတိယမြောက် ရွှေတံဆိပ်ကို ရခဲ့ပါတယ်။

မီတာ လေးရာ လက်ဆင့်ကမ်း ပြေးပွဲမှာ နောက်ဆုံး မီတာ တရာကို ယူစိန်ဘို့ ပြေးခဲ့တာ ဖြစ်ပြီး သူဟာ ဂျပန်နဲ့ အမေရိကန် အပြေးသမားတွေကို ကျော်ဖြတ်ပြီး ၃၇.၂၇ စက္ကန့်နဲ့ ပန်း၀င်ခဲ့တာ ဖြစ်ပါတယ်။

ဂျမေကာ နိုင်ငံ ကင်စတန် မြို့က သူ့ကို အားပေးနေတဲ့ ပရိတ်သက်တွေက သူ့ကြောင့် ဂျမေကာ နိုင်ငံသား တယောက် ဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။

သူဟာ ရီယို အိုလံပစ်ပွဲတော် စောစောပိုင်း မီတာ ၁၀၀နဲ့ မီတာ ၂၀၀ ပြေးပွဲတွေမှာ အနိုင်ရခဲ့ပြီး ရွှေတံဆိပ် ၂ခု ရထားပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် အခု အိုလံပစ်မှာ သူဟာ စုစုပေါင်း ရွှေတံဆိပ် ၃ ခု ရခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀၀၈ ဘေဂျင်း အိုလံပစ် ပွဲမှာလည်း မီတာ ၁၀၀ ၊ မီတာ ၂၀၀နဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်း ပြေးပွဲတွေမှာ ရွှေတံဆိပ် သုံးခု ရခဲ့ပြီး ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၂ လန်ဒန် အိုလံပစ် မှာလဲ အလားတူ ရွှေ သုံးခု ရခဲ့ပါတယ်။

ဒါကြောင့် သူဟာ ၂၀၀၈ ၊ ၂၀၁၂ နဲ့ အခု ၂၀၁၆ အိုလံပစ် ပြိုင်ပွဲ သုံးပွဲ ဆက်တိုက် ရွှေ သုံးခုစီ ရရှိခဲ့တဲ့ ပထမဆုံးသော အားကစားသမား ဖြစ်လာခဲ့ပါတယ်။

အသက် ၂၉နှစ် ရှိပြီ ဖြစ်တဲ့ ယူစိန်ဘို့ထ် ဟာ အခု ရီယို အိုလံပစ် ပွဲဟာ သူ့အတွက် နောက်ဆုံး အိုလံပစ်လို့ ပြောပါတယ်။

၂၀၁၇ မှာ ကျင်းပတဲ့ ကမ္ဘာ Championship ပြိုင်ပွဲ ပြီးရင် သူဟာ အားကစား လောကထဲက အနားယူတော့မယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၀ တိုကျို အိုလံပစ် ကျင်းပချိန်မှာတော့ သူ့အသက် ၃၄နှစ်လောက် ရှိမှာ ဖြစ်ပါတယ်။

အခု ရီယိုမှာ တတိယမြောက် အိုလံပစ် ရွှေတံဆိပ် ရခဲ့ပြီးတဲ့နောက် တချိန်က ကမ္ဘာကျော် လက်ဝှေ့သမား မိုဟာမက် အလီ ကျိန်းဝါးခဲ့သလိုဘဲ I am the great. ငါသာ အကြီးအကျယ်ဆုံး ဆိုပြီး ပြောခဲ့ပါတယ်။

သမိုင်း စာအုပ်တွေမှာ အကြီးကျယ်ဆုံး လူတဦး အဖြစ် မှတ်တမ်းတင်ခံရမှာ ဖြစ်လို့ ၀မ်းသာသလို အတော်လေးလဲ စိတ်သက်သာရာ ရသွားတယ်လို့ ယူစိန်ဘို့ထ် က ပြောပါတယ်။

သူ့လိုဘဲ အိုလံပစ် ပြိုင်ပွဲတွေမှာ ဆက်တိုက် ရွှေတံဆိပ် ကိုးခု ရခဲ့ဘူးတဲ့ သူ နှစ်ဦး ရှိပြီး တဦးက ဖင်လန်က တာလတ်နဲ့ တာဝေး အပြေးသမား ပါဗို နိုမီ ဖြစ်ပါတယ်။

သူဟာ ၁၉၂၀ ၊ ၁၉၂၄ ၊ ၁၉၂၈ အိုလံပစ် ပွဲတွေမှာ ရွှေတံဆိပ်တွေ ရခဲ့တာ ဖြစ်ပါတယ်။

နောက်တယောက် ကတော့ အမေရိကန် တာတိုနဲ့ အလျားခုန် အားကစားသမား ကားလ် လူး၀စ် ဖြစ်ပါတယ်။

သူကလဲ ၁၉၈၂ ၊ ၁၉၈၈ ၊ ၁၉၉၂ ၊ ၁၉၉၆ ခုနှစ် အိုလံပစ် ပွဲတွေမှာ စုစုပေါင်း ရွှေ ကိုးခု ရခဲ့ဘူး ပါတယ်။

ဒါပေမယ့် သူတို့တွေဟာ အခု ယူစိန်ဘို့ထ် လိုဘဲ ပြိုင်ပွဲတူ သုံးမျိုးစလုံးမှာ ရွှေတံဆိပ်တွေ ရခဲ့တာတော့ မဟုတ်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ