ဂါဇီယန်းတက်ပ် မှာ ဗုံးခွဲခဲ့သူဟာ ဆယ်ကျော်သက် ကလေး ဖြစ်တယ်လို့ တူရကီ သမ္မတ ပြော

  • 21 ဩဂုတ် 2016
gaziantep_
Image caption ကာ့ဒ် မျိုးနွယ်စု တွေရဲ့ မင်္ဂလာဆောင် တစ်ခုကို အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်။

တူရကီ နိုင်ငံ၊ ဂါဇီယန်းတက်ပ် မြို့မှာ ပြီးခဲ့ စနေနေ့တုန်းက အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့သူဟာ အသက် ၁၂ နှစ် ကနေ ၁၄ နှစ်ကြားပဲ ရှိနိုင်တဲ့ လူငယ် လေး တစ်ဦး ဖြစ်တယ် ဆိုပြီး သမ္မတ အာဒိုအန်က ပြောပါတယ်။

ဒီ တိုက်ခိုက်မှုကို ကျူးလွန်ဖို့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ခိုင်းစေ ခဲ့တာ ဖြစ် နိုင်တယ်လို့ သမ္မတ အာဒိုအန်က ယူဆ ထားပါတယ်။

ကာ့ဒ် မျိုးနွယ်စု တွေရဲ့ မင်္ဂလာဆောင် တစ်ခုကို အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး အနည်းဆုံး လူ အယောက် ၅ဝ သေဆုံး ခဲ့ရပါတယ်။

တူရကီ နဲ့ ကပ်ရက် ဆီးရီးယား မြောက်ပိုင်းမှာ IS အဖွဲ့ဟာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံး နေပြီး၊ နှစ်နိုင်ငံကြား နယ်ခြား ဒေသတွေမှာ တူရကီက ကျောထောက် နောက်ခံ ပေးထားတဲ့ သူပုန် အဖွဲ့တွေက IS ကို ထိုးစစ် အသစ် တွေ ဆင်နွှဲဖို့ ပြင်ဆင် နေကြတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

Image caption အမုန်းတရား အခြေခံ တိုက်ခိုက်မှု တွေ ဖြစ်ပေါ် နေ။

တခါ၊ တူရကီ နိုင်ငံမှာ လိင် ကူးပြောင်းထားတဲ့ အမျိုးသမီး တစ်ဦး ရက်ရက်စက်စက် အသတ်အဖြတ် ခံခဲ့ရတာ နဲ့ ပတ်သက်ပြီး တရား ဥပဒေ နဲ့ အညီ အရေးယူ အပြစ်ပေး တာတွေ ပြုလုပ်ဖို့ လူတွေ ရာပေါင်း များစွား အစ္စတန်ဘူလ် မြို့မှာ ချီတက် တောင်းဆို ခဲ့ကြ ပါတယ်။

ဟန်ဒီ ကာဒဲ အမည် ရှိတဲ့ အမျိုးသမီး ရဲ့ အလောင်းကို တောအုပ် တစ်ခုထဲ အခုလ အစောပိုင်း က တွေ့ခဲ့ ရတာ ဖြစ်ပြီး၊ မမှတ်မိ နိုင်လောက်စရာ တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား မီး လောင်ကျွမ်း ခံထား ရပါတယ်။

မွေးရာပါ လိင် အမျိုးအစား နဲ့ မတူပဲ မိမိ ရဲ့ လိင် သဘောသဘာဝကို ကိုယ်တိုင် သတ်မှတ် ပြဌာန်း တာနဲ့၊ လိင်တူ ချစ် မြတ်နိုးတာ တွေ ကို တူရကီ နိုင်ငံမှာ တရားဝင် ခွင့်ပြု ထားပေမယ့် အဲဒီလို လူတွေ အပေါ် အမုန်းတရား အခြေခံ နဲ့ ပစ်မှတ် ထား တိုက်ခိုက်မှု တွေ ဖြစ်ပေါ် နေ တယ် လို့ လူ့ အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ