ဘိုလီးဗီးယား ဒု ဝန်ကြီး အသတ်ခံရ

  • 26 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၁၀၀ ကျော်ကိုလည်း ဖမ်းထားပြီလို့ ကာကွယ်ရေး ဝန်ကြီးက ပြော

ဘိုလီးဗီးယား နိုင်ငံမှာ သပိတ်မှောက် မိုင်းတွင်း လုပ်သားတွေရဲ့ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ပြည်ထဲရေး ဒုတိယ ဝန်ကြီး ရိုဒိုလ်ဖို အီယာနက်စ် Rodolfo Illanes သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒုတိယဝန်ကြီး ရိုဒိုလ်ဖို အီယာနက်စ် ရဲ့ အလောင်းကို ရှာဖွေတွေ့ပြီလို့ ဘိုလီးဗီးယား အာဏာပိုင်တွေက ပြောပါတယ်။

မိုင်းလုပ်ငန်းဆိုင်ရာ ဥပဒေသစ် အငြင်းပွားမှုတွေပိုမို ကြမ်းတမ်း ခါးသီးလာခဲ့တာကို စေ့စပ်ညှိနှိုင်းဖို့ ဘိုလီးဗီးယား နိုင်ငံ La Paz မြို့တော်ရဲ့ တောင်ဖက် Panduro က လမ်းပိတ်ဆို့ထားရာနေရာကို သွားခဲ့တဲ့ Mr Illanes ဟာ အဲဒီမှာပဲ ပြန်ပေးဆွဲ ခံခဲ့ရတာဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုဟာ ရက်စက် ကြမ်းကြုတ်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ဘိုလီးဗီးယား အစိုးရက ပြောဆို ရှုတ်ချပါတယ်။

ဒုဝန်ကြီးကို သတ်ဖြတ်သူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး လူ ၁၀၀ ကျော်ကိုလည်း ဖမ်းထားပြီလို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

မိုင်းတွင်း လုပ်သားတွေက လုပ်ငန်းခွင့် ကန့်သတ်ချက်များ လျော့ချရေး၊ ကုမ္ပဏီတွေမှာ လွတ်လပ်စွာ အလုပ်လုပ်ခွင့် ရရေး၊ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ရရေးတို့ ကို တောင်းဆို နေကြတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ