တူရကီ ရဲဌာနချုပ် ကားဗုံးခွဲ တိုက်ခိုက်ခံရ

  • 26 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption PKK လက်နက်ကိုင် အဖွဲ့ ကြီးစိုးရာ ဒေသလည်း ဖြစ်

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း ဒေသက ရဲဌာနချုပ် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၈ ဦး သေဆုံး ခဲ့ရပါတယ်။

နောက်ထပ် ရဲတပ်ဖွဲ့ဝင်အတော်များများလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တူရကီ သတင်းဌာန တွေရဲ့ ထုတ်လွှင့်ချက်တွေ အရ ရဲတပ်ဖွဲ့ အဆောက်အဦ ဟာ ပေါက်ကွဲမှုကြောင့် မီးစွဲလောင် နေတာ ကို တွေ့ရပါတယ်။

နိုင်ငံ အရှေ့တောင်ပိုင်း ဂျီဇရာ မြို့က ရဲဌာနချုပ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့တာပါ။

ကားဗုံးထောင် တိုက်ခိုက်မှု ဖြစ်ပြီး ကဒ် လက်နက်ကိုင် အဖွဲ့ PKK ရဲ့ လက်ချက် ဖြစ်ကြောင်း တူရကီ သတင်းဌာန တွေက ပြောကြား နေပါတယ်။

ဂျီဇရာ မြို့က အီရတ်၊ ဆီးရီယား နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ် ဒေသလည်း ဖြစ်ပါတယ်။ ပြီးတော့ PKK လက်နက်ကိုင် အဖွဲ့ ကြီးစိုးရာ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ဂျီဇရာ မြို့မှာ PKK လက်နက်ကိုင် တွေနဲ့ တူရကီ စစ်တပ်တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ