ဆီးရီးယားအရေး ရုရှားအမေရိကန်ဆွေးနွေး

  • 27 ဩဂုတ် 2016
Kerry Lavrov
Image caption တိုးတက်မှုရပေမယ့် ငြိမ်းချမ်းရေး မသေချာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် တို့ဟာ ဆီးရီးယားနိုင်ငံငြိမ်းချမ်းရေးအတွက် ရှင်းလင်းတဲ့ လမ်းကြောင်းပေါ်ခြေချမိကြပြီလို့ ဆိုပါတယ်။

တကယ်ပဲ သူတို့ရဲ့ ဆွေးနွေးပွဲဟာ ဆီးရီးယားငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်တော့မှာပါလား။

ဆယ်နာရီကြာတဲ့ သူတို့ရဲ့ အစည်းအဝေး အပြီးမှာ အခြေ အနေဟာ တိုးတက် ကောင်းမွန် လာပြီး တော်တော်များများ ပြေလည်သွားပြီ။ နည်းနည်းပဲ မပြေလည်တာ ကျန်တော့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဆိုပါတယ်။

ဒါပေမယ့် ဆယ်နာရီဆွေးနွေးပွဲဟာ ကွဲလွဲချက်အားလုံးကို ဖြေရှင်းနိုင်လောက်အောင် ပြေလည်ဖို့အတွက် လုံလောက်ခဲ့ပုံမရပါဘူး။

တိုးတက်မှုတစုံတရာရခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် မေးစရာရှိတာက အရေးကြီးတဲ့ တကယ့်ပြသနာတွေနဲ့ ရှုပ်ထွေးတဲ့ကိစ္စတွေမှာ အမေရိကန်နဲ့ ရုရှားဟာ တကယ်တာရှည်ခံမယ့် သဘောတူညီချက်မျိုးရနိုင်ပါ့မလားဆိုတာ ဖြစ်ပါတယ်။

အစ္စလာမ်နိုင်ငံ အိုင်အက်စ်၊ အယ်လ်ခိုင်းဒါးနဲ့ အဆက် အစပ်ရှိ သူပုန်အဖွဲ့ တွေကို တိုက်ခိုက်ဖို့အတွက် ရုရှားအမေရိကန် အမှန်တကယ် ပူးပေါင်းမှုလုပ်နိုင်မလား။ ဒါဟာအရေးကြီးပါတယ်။

ဒါပေမယ့် အမေရိကန်က သူပုန်တွေနဲ့ မဟာမိတ် ဖြစ်ပြီး ရုရှားက ဆီးရီးယား အစိုးရနဲ့ မဟာမိတ် ဖြစ်နေတော့ ပစ်မှတ် ရွေးချယ်ရာမှာ သဘောတူညီချက် ရဖို့ ခက်ခဲ နေပါတယ်။

ဒီတော့ အဲဒီအခက်အခဲကိုပြေလည်နိုင်ဖို့အတွက် ဆီးရီးယားအစိုးရနဲ့ အမေရိကန်ထောက်ခံတဲ့ သူပုန်တွေ အပစ်ရပ်စဲနိုင်ဖို့ အမေရိကန် ရုရှားတို့က လိုလားကြပါတယ်။

ဒါပေမယ့် တကယ်တန်းဖြစ်နေကြတာက အပစ်မရပ်ခင် အသာစီးရဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ သူပုန်နဲ့ အစိုးရဟာ ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နေပါတယ်။

ဒမာ့စကတ်နားမှာရှိတဲ့ ဒါရေးယားမှာဆိုရင် သူပုန်တပ်တွေလက်နက်ချဖို့ အစိုးရစစ်တပ်က ဖိအားပေးတိုက်ခိုက်နေပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြောင့် ရုရှားအမေရိကန် သဘောတူညီချက်တခုခုရမယ်ဆိုတာ သေချာပေမယ့် ဆီးရီးယား ပြသနာကို တကယ်ဖြေရှင်းပြေလည်မယ့် သဘောတူညီချက် ဖြစ်ဖို့ဆိုတာ မသေချာဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။