ဘရာဇီး ဒီမိုကရေစီ အခက် ကြုံနေပြီလို့ စစ်ဆေး ခံနေရတဲ့ သမ္မတ ရူးဆက်ဖ် ပြော

brazill_rousseff_
Image caption ဂျီးလ်မား ရူးဆက်ဖ်ကို သမ္မတ ရာထူးက အပြီး ဖြုတ်ချ မလားဆိုတာ ဆီးနိတ်ထဲ အခု သီတင်းပတ်ထဲ မဲခွဲ ဆုံးဖြတ်မယ်။

ဘရာဇီး နိုင်ငံမှာ သမ္မတ နေရာ ကနေ ဆိုင်းငံ့ ခံထားရတဲ့ ဂျီးလ်မား ရူးဆက်ဖ် ကို ရာထူးက အပြီး ဖယ်ရှား မလား ဆိုပြီး ဆုံးဖြတ်ကြတဲ့ အခါဆီးနိတ် လွှတ်တော် အမတ် တွေ အနေနဲ့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ စနစ် အရေးကို ငဲ့ကွက်ပြီး ဆုံးဖြတ်မဲ တွေ ပေးကြပါ လို့ မစ္စ ရူးဆက်ဖ် က ပြော လိုက်ပါတယ်။

သူ့ကို သမ္မတ ရာထူး ကနေ မ ဖြုတ်ချဖို့ အထက် လွှတ်တော် အမတ် တွေကို မစ္စ ရူးဆက်ဖ် က တိုက်တွန်း လာတာ ဖြစ်ပါတယ်။

ဘရာဇီး အထက် လွှတ်တော် အမတ်တွေ အနေနဲ့ တိုင်းပြည် ရဲ့ အနာဂတ် နဲ့ ရင်းပြီး ဆုံးဖြတ် ကြရမှာ ဖြစ်သလို၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း ရရှိ ထားတဲ့ တိုးတက် အောင်မြင်မှု တွေ ကို ပြန်လည် လက်လွှတ် ရမယ့် အန္တရာယ်နဲ့လည်း ကြုံတွေ့ နေရပြီ လို့ မစ္စ ရူးဆက်ဖ်က ဆီးနိတ် လွှတ်တော် ကို ပြောဆို ခဲ့ပါတယ်။

အစိုးရ အသုံးစားရိတ် နဲ့ ပတ်သက်ပြီး ငွေစာရင်း တွေ လိမ်လည် ခဲ့တယ် ဆိုတဲ့ စွဲချက် နဲ့ မစ္စ ရူးဆက်ဖ် ကို အထက် လွှတ်တော်မှာ စစ်ဆေး နေတာ ဖြစ် ပြီး၊ အခု သီတင်းပတ် နှောင်းပိုင်းမှာ မဲခွဲ ဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။

မစ္စရူးဆက်ဖ် ကတော့ ဘယ်လို ရာဇဝတ်မှု မျိုးမှ သူ့ အနေနဲ့ မကျူးလွန် ခဲ့ဘူး ဆိုပြီး စွဲချက် တွေ အပေါ် ငြင်းဆို ထားပြီး၊ အခုလို ကြုံတွေ့ လာတာဟာ နိုင်ငံရေး အရ အာဏာသိမ်း ခံရတာ ဖြစ်တယ်လို့ တုံ့ပြန် ဝေဖန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ