အိုင်ယာလန်ကို အက်ပဲလ်က အခွန် ယူရို ၁၃ ဘီလျံ ပြန်ပေးရမယ်

  • 30 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Getty

အိုင်ယာလန် နိုင်ငံအနေနဲ့ နည်းပညာ ကုမ္ပဏီကြီး အက်ပဲလ် ဆီကနေ အခွန်ငွေ ယူရို ၁၃ ဘီလျံကို ပြန်တောင်း ယူရမယ်လို့ ဥရောပ ကော်မရှင်က ဆုံးဖြတ် လိုက်ပါတယ်။

အမေရိကန် နည်းပညာ ကုမ္ပဏီ အက်ပဲလ်ကို အိုင်ယာလန် နိုင်ငံက အခွန်လျှော့ပေါ့ ပေးခဲ့တာဟာ အီးယူ အဖွဲ့ရဲ့ ဥပဒေနဲ့ မညီကြောင်း ၃ နှစ်ကြာ စုံစမ်း စစ်ဆေးမှု အပြီးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အိုင်ယာလန် အစိုးရဟာ အက်ပဲလ် ကုမ္ပဏီကို အခွန်ကောက်ရာမှာ တခြား ကုမ္ပဏီတွေထက် ပိုလျော့တဲ့ နှုန်းထားနဲ့သာ ကောက်ခဲ့တယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။

အခု ဆုံးဖြတ်ချက်ကို အိုင်ယာလန် အစိုးရရော အက်ပဲလ် ကုမ္ပဏီကပါ ကန့်ကွက်လိုက်ပြီး အယူခံ ဝင်သွားမယ်လို့ ပြောကြပါတယ်။

ဥရောပ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကုမ္ပဏီတွေကို သီးသန့် ရွေးထုတ်ပြီး အခွန် လျှော့ပေါ့ခွင့် ပေးတာဟာ အီးယူရဲ့ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဥရောပ ကော်မရှင်နာ မာဂါရက်သ် ဗက်စ်တာဂါက ပြောပါတယ်။

အလားတူ လူဇင်ဘတ် နိုင်ငံမှာလည်း အမေဇုန်နဲ့ မက်ဒေါ်နယ် ကုမ္ပဏီတွေကို အခွန် လျှော့ပေါ့ခွင့် ပေးတဲ့ ကိစ္စအပေါ် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ