ကာဂျစ်စတန်က တရုတ်သံရုံး ဗုံးခွဲ တိုက်ခိုက်ခံရ

  • 30 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption တရုတ် သံရုံး ဝင်ပေါက်က အပျက်အစီး

ကာဂျစ်စတန် နိုင်ငံ မြို့တော် ဘစ်ရှ်ကက်မှာ ရှိတဲ့ တရုတ် သံရုံးကို အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ကားဗုံးခွဲသူ သေဆုံးပြီး သံရုံး ဝန်ထမ်းတွေ ဖြစ်တဲ့ ကာဂျစ်စတန် နိုင်ငံသား ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကာဂျစ်စတန် ဒုတိယ ဝန်ကြီးချုပ် ဇန်နစ်ရှ် ရာဇာကော့ဗ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကမှ သူတို့ လက်ချက် ဖြစ်တယ်လို့ မပြောကြသေးပါဘူး။

အသေခံ ဗုံးခွဲသမားက သံရုံး ဝင်ပေါက်ကို ကားနဲ့တိုက်ဖျက် ဝင်ရောက်ခဲ့ပြီးနောက် သံရုံး ဝင်းထဲက သံအမတ် နေအိမ်အနီးမှာ ဖောက်ခွဲခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

တရုတ်အနေနဲ့ ဒီတိုက်ခိုက်မှုကြောင့် တုန်လှုပ်ရပြီး ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

တိုက်ခိုက်မှုရဲ့ လက်သည်တွေကို ဖော်ထုတ်ပေးဖို့နဲ့ တရုတ် နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် စီမံပေးဖို့ ကာဂျစတန် အစိုးရကို တောင်းဆိုတယ်လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ