ဂျီးလ်မားရူးဆက်ဖ် ဘရာဇီး သမ္မတနေရာက အပြီးတိုင် ဖယ်ရှား ခံရပြီ

  • 31 ဩဂုတ် 2016
brazill_rousseff
Image caption ဆီးနိတ် လွှတ်တော်ဟာ အပြစ်မဲ့သူ တစ်ဦး အပေါ် တရား မျှတမှု ကင်းစွာ ဆုံးဖြတ် ခဲ့တယ် လို့ မစ္စရူးဆက်ဖ် တုံ့ပြန်။

ဘရာဇီး နိုင်ငံမှာ ဂျီးလ်မားရူးဆက်ဖ်ကို သမ္မတ ရာထူး ကနေ ဖယ်ရှားဖို့ အထက် လွှတ်တော် မှာ တခဲနက် ဆုံးဖြတ် ခဲ့ကြ ပါတယ်။

အစိုးရ အသုံးစားရိတ် လိုငွေ ပြနေတာကို ဖုံးကွယ် ဖို့ မစ္စ ရူးဆက်ဖ် ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဘတ်ဂျက် ငွေစာရင်း တွေ နဲ့ ပတ်သက်ပြီး မမှန်မကန် ပြုလုပ် ခဲ့တဲ့ အတွက် အပြစ် ရှိ တယ်လို့ ဆီးနိတ် လွှတ်တော် အများစုက ဆုံးဖြတ် ခဲ့ ကြတာ ဖြစ်ပါတယ်။

မစ္စ ရူးဆက်ဖ်ကို ဖယ်ရှားရေး ဘက် အလေးသာတဲ့ ၆၁ မဲ- မဲ ၂ဝ ဆိုတဲ့ ဆီးနိတ် လွှတ်တော် တွင်း ရလာဒ်ကြောင့် သမ္မတ တာဝန် ကနေ ဆိုင်းငံ့ ခံထားရတဲ့ မစ္စ ရူးဆက်ဖ် ဟာ အခုဆို ရာထူး ကနေ အပြီးတိုင် ဖယ်ရှား ခံလိုက် ရပြီ ဖြစ်ပါတယ်။

မစ္စ ရူးဆက်ဖက် ကတော့ ဆီးနိတ် လွှတ်တော်ဟာ အပြစ်မဲ့သူ တစ်ဦး အပေါ် တရား မျှတမှု ကင်းစွာ ဆုံးဖြတ် ခဲ့တယ် လို့ တုံ့ပြန် ပြောဆို ခဲ့သလို၊ ဖယ်ရှားရေး မဲ ထည့် ခဲ့ကြသူ တွေဟာ နိုင်ငံရေး အရ အာဏာသိမ်းမှုထဲ ပူးပေါင်း ပါဝင် ခဲ့ကြသူ တွေ ဖြစ်တယ် ဆိုပြီး တော့လည်း ဝေဖန် ခဲ့ပါတယ်။

ဒါပေမယ့် မစ္စ ရူးဆက်ဖ် အနေနဲ့ ၈ နှစ် အတွင်း အစိုးရ ရာထူး တာဝန် တစ်ခုခု ထမ်းဆောင် ခွင့် မရှိ စေရ ဆိုပြီး ကန့်သတ် ပိတ်ပင် ရေး အဆိုကိုတော့ ဆီးနိတ် က ခွင့် မပြု ခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလက စလို့ ယာယီ သမ္မတ အဖြစ် တာဝန် ယူထားတဲ့ မီရှဲလ် တမီးယား ဟာ မကြာခင်မှာပဲဘရာဇီး သမ္မတ အဖြစ် ကျမ်း သစ္စာ ကျိန်ဆို လာဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ