ထိပ်တန်း ဝန်ကြီးကို မြောက်ကိုရီးယား ကွပ်မျက်၊ တောင်ကိုရီးယား ပြော

  • 31 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကင်ဂျုံအန်း အာဏာရ ပြီးနောက် သူ့အပေါ် သစ္စာမဲ့တယ်လို့ ယူဆရသူတွေကို အကြောင်းရှာ ကွပ်မျက်လာခဲ့။

မြောက်ကိုရီးယား နိုင်ငံမှာ ပါလီမန် အစည်းအဝေး တက်စဉ် ပျော့ခွေခွေ ထိုင်ခဲ့တဲ့ ထိပ်တန်း ဝန်ကြီး တစ်ယောက်ကို ပြီးခဲ့တဲ့ လထဲမှာ ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိ တွေက ပြောပါတယ်။

ကွပ်မျက် ခံရတဲ့ ကင်ယွန်ဂျင် ဆိုသူဟာ မြောက်ကိုရီးယားရဲ့ ပညာရေး ဌာနကို ကိုင်တွယ်ရတဲ့ ဒုတိယ ဝန်ကြီးချုပ် တစ်ဦး ဖြစ်တယ်လို့ တောင်ကိုရီးယား ဘက်က နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ ကင်ယွန်ဂျင် ဟာ အစည်းအဝေး တက်စဉ် ခုံပေါ်မှာ အိပ်ပျော်နေခဲ့တယ် လို့လည်း တချို့ သတင်းတွေက ဆိုပါတယ်။

အခုလို ကွပ်မျက်တဲ့ သတင်းကို တောင်ကိုရီးယား အရာရှိတွေ ဘယ်လို ရသလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ မြောက်ကိုရီးယား ဘက်က ကွပ်မျက်တဲ့ သတင်းတွေကို အရင်ကလည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ တုန်းကလည်း ကွပ်မျက် ခံရတယ်လို့ ယူဆ ရတဲ့ မြောက်ကိုရီးယား စစ်တပ် အကြီးအကဲ တစ်ယောက်ကို သိပ်မကြာခင်မှာ အခမ်းအနားတွေမှာ ပြန်တွေ့ ခဲ့ရပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားမှာ ကင်ဂျုံအန်း အာဏာရ လာပြီးနောက်ပိုင်း သူ့အပေါ် သစ္စာမခံသူလို့ သူယူဆပြီး ကွပ်မျက်ခဲ့တဲ့ ထိပ်တန်း အရာရှိတွေ အတော်များများ ရှိလာပြီလို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ