G 20 မှာ ဖွံ့ဖြိုးရေး ကိစ္စ နိုင်ငံတွေ အားလုံး အဓိကထား ပြောခဲ့

  • 5 စက်တင်ဘာ 2016
_xi_jinping_obama_g20
Image caption တစ်ဘက်သတ် အကျိုး စီးပွား ကာကွယ်ရေး ဝါဒ အပေါ် တိုက်ဖျက် ကြဖို့လည်း G 20 နိုင်ငံတွေကြား သဘောတူ ညီ နိုင်ခဲ့။

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီး စက်မှု နိုင်ငံ ၂ဝ အစည်းအဝေးရဲ့ ပိတ်ပွဲ မှာ အိမ်ရှင် တရုတ် သမ္မတ ရှီကျင်းပင်က ကမ္ဘာ့ စီးပွားရေး ရဲ့ အဓိက မောင်းနှင်အား ဖြစ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခန်း ကဏ္ဍတွေ ပြန်လည် ရှင်သန် လာအောင် ပြုလုပ်ကြဖို့ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ဆုံးဖြတ် ထားတယ် လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဂျဂျီအန်း ပြည်နယ်၊ ဟန်းကျိုး မြို့တော်မှာ G 20 နိုင်ငံတွေ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပြီး၊ ပြည်တွင်း ထုတ်ကုန် တွေ ကို ကာကွယ်ဖို့ နိုင်ငံခြား သွင်းကုန် တွေ အပေါ် အခွန် ကြီးလေးစွာ ကောက်ခံ တာ မျိုးလို တစ်ဘက်သတ် အကျိုး စီးပွား ကာကွယ်ရေး ဝါဒ အပေါ် တိုက်ဖျက် ကြဖို့လည်း G 20 နိုင်ငံတွေကြား သဘောတူ ညီ နိုင်ခဲ့တယ်လို့ သမ္မတ ရှိ က ပြောပါတယ်။

ဒါ့အပြင် G 20 အစည်းအဝေး တွေမှာ တိုးတက် ဖွံ့ဖြိုးရေး ဆိုတဲ့ အကြောင်းခြင်းရာ ကိစ္စ အပေါ် ပထမဆုံး အကြိမ် အဓိက အရေးပါတဲ့ နေရာ မှာ ထားပြီး ဆွေးနွေး နိုင်ခဲ့ကြတယ် လို့ တရုတ် သမ္မတ က ဆိုပါတယ်။

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF ရဲ့ ဥက္ကဌ ခရစ္စတင်း လာဂါ့ဒ် ကတော့ ကမ္ဘာ့ ဖွံ့ဖြိုးနှုန်း ကျဆင်း နေမှု တာရှည် နေပြီ ဖြစ်လို့ G20 နိုင်ငံတွေ အနေနဲ့ တတ်နိုင်သမျှ နည်းလမ်းတွေ သုံးပြီး မြှင့်တင် ပေးကြပါ လို့ တိုက်တွန်း ခဲ့ပါတယ်။

တရုတ် G20 ထိပ်သီး အစည်းအဝေး အဆုံးသတ် ထုတ်ပြန်ချက် ထဲမှာ ဒုက္ခသည် တွေကို လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ ပေးတာတွေ တိုးမြှင့် လုပ်ဆောင် ကြဖို့လည်း ဆော်ဩ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ