မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ၃ခု ထပ်ပစ်

  • 5 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အရင်အကြိမ် ပစ်လွှတ်မှုတွေမှာ စကတ် ဒုံးကျည်တွေလည်း ပါဝင်ခဲ့။

မြောက်ကိုရီးယားက သူတို့ရဲ့ အရှေ့ဘက် ကမ်းလွန် ပင်လယ်ထဲကို ပဲ့ထိန်း ဒုံးကျည် ၃ ခု စမ်းသပ် ပစ်လွှတ် ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

အခုလို ပစ်လွှတ်မှုဟာ ဒေသတွင်းက အရပ်ဘက် လေကြောင်း ခရီးစဉ်တွေနဲ့ ရေကြောင်း ကုန်သွယ်မှုတွေ အတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှု ဖြစ်တယ် ဆိုပြီး အမေရိကန် အစိုးရက ရှုတ်ချ လိုက်ပါတယ်။

နျူစမ်းသပ်မှုနဲ့ ပဲ့ထိန်း ဒုံးကျည် ပစ်လွှတ်မှုတွေ မလုပ်ဖို့ မြောက်ကိုရီးယားကို တားမြစ် ပိတ်ပင်ထားတဲ့ ကြားက လတ်တလော လအနည်းငယ် အတွင်းမှာ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်မှုတွေ ဆက်တိုက် ပြုလုပ် လာခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ အခု နောက်ဆုံး ဒုံးကျည် ပစ်လွှတ်မှုက တရုတ်နိုင်ငံမှာ ပထမဆုံး အကြိမ် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ ဂျီ ၂၀ ထိပ်သီး အစည်းအဝေး ပြုလုပ်နေစဉ် ပေါ်ပေါက် လာတာလည်း ဖြစ်ပါတယ်။

အစောပိုင်းကပဲ တောင်ကိုရီးယား သမ္မတ ပါ့ခ် ဂွန်ဟေးက တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီး မြောက်ကိုရီးယားကို ကိုင်တွယ်ရာမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ပြောခဲ့ပါသေးတယ်။

တရုတ် သမ္မတ ရှီကျင်းပင် ကတော့ တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ အကူအညီနဲ့ ဒုံးကျည် ကာကွယ်ရေး စနစ် ထားရှိမယ့် အစီအစဉ်ကို ထပ်မံ ကန့်ကွက်ခဲ့ပြီး အဲဒီ စနစ်ကြောင့် ဒေသတွင်းမှာ ပိုမို တင်းမာ လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ