ဆီးရီးယားမှာ ဆက်တိုက် ဗုံးခွဲ၊ ၄၀ ကျော် သေဆုံး

  • 5 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တာ့တပ်စ်မြို့မှာ ဗုံးခွဲ တိုက်ခိုက်မှု ၂ ကြိမ် ဆက်တိုက် ဖြစ်ပွား။

ဆီးရီးယား နိုင်ငံမှာ ဒီကနေ့ တနင်္လာနေ့က အစိုးရ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ဗုံးခွဲ တိုက်ခိုက်မှု ၄ ကြိမ်နဲ့ ကာဒစ်ရှ် ထိန်းချုပ်တဲ့ မြို့မှာ ဗုံးခွဲမှု တစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၄၀ သေဆုံးတယ်လို့ ဆီးရီးယား အစိုးရ သတင်းဌာနက ကြေညာပါတယ်။

ဒမတ်စကတ်၊ ဟုမ်းစ်၊ တာ့တပ်စ်နဲ့ ဟာဆာကာ မြို့တွေမှာ တစ်နာရီ အတွင်း ဆက်တိုက် ဗုံးခွဲမှုတွေ ပေါ်ပေါက် ခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုတွေ အချင်းချင်း အချိတ်အဆက် ရှိသလား ဆိုတာတော့ မကွဲပြားပါဘူး။

မြေထဲပင်လယ် ကမ်းခြေက ရုရှား ရေတပ် စခန်းရှိရာ တာ့တပ်စ် မြို့က နှစ်ကြိမ်ဆက် ဗုံးခွဲမှုကတော့ အသေအပျောက် အများဆုံး ဖြစ်ပြီး လူ ၃၀ လောက် သေဆုံးကာ ၄၅ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဟုမ်းစ်မြို့က စစ်ဆေးရေး ဂိတ်မှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုမှာ စစ်သား ၂ ဦး သေဆုံးပြီး ကာဒစ်ရှ် တပ်ဖွဲ့တွေ အခြေစိုက်တဲ့ ဟာဆာကာ မြို့မှာတော့ ၅ ယောက် သေဆုံးပါတယ်။

ဟာဆာကာ မြို့က တိုက်ခိုက်မှုကိုတော့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ လက်ချက်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ