အလက်ပိုမြို့မှာ ကလိုရင်းဓါတ်ငွေ့ ဗုံးကြဲခံရတယ်လို့ ဆို

  • 6 စက်တင်ဘာ 2016
chorine_attack_syria_ ဓာတ်ပုံ မူပိုင် bbc
Image caption ကလိုရင်းဓါတ်ငွေ့ဗုံး ကြောင့် အသက်ရှူကျပ်

စက်တင်ဘာလ ၆ ရက်နေ့ က ထုတ်ပြန်တဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ ၁၂ ကြိမ်မြောက် အစီရင်ခံစာ မှာ နှစ်ဆန်းပိုင်းက နေ နှစ်လယ် အထိ တိုက်ပွဲတွေ အနည်းငယ် လျော့ပါးသွားတဲ့ အတွက် စစ်ပြေး စစ်ရှောင် ဒုက္ခသည် တွေ ကို ဆေးဝါး နဲ့ စားနပ်ရိက္ခာ ထောက်ပံ့ခွင့် ရခဲ့ ပေမဲ့ နောက်ပိုင်းမှာ တိုက်ပွဲ တွေ ပြန်လည် ဖြစ်ပွားကြောင်း ဖေါ်ပြ ထားပါတယ်။

ဒီအကြောင်း ကို ကုလ သမဂ္ဂ ရဲ့ ဆီးရီးယား နိုင်ငံဆိုင်ရာ စုံစမ်းရေး ကော်မရှင် ဥက္ကဌ ပေါ်လို ဆာဂျီယို ပင်ညဲရိုး က ဂျနီဗာ မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။ အစီရင်ခံစာ ထဲ မှာ အခုလို တိုက်ပွဲတွေ လွန်လွန်ကဲကဲ ပြန်ဖြစ်တာ တွေ ကို ဖေါ်ပြ ထားပါတယ်။ ဒီတိုက်ပွဲ ဒဏ်ကြောင့် ဆီးရီးယား ပြည်သူတွေ အပေါ် မှာ ပြင်းပြင်းထန်ထန် သက်ရောက်မှု တွေ ရှိတာ ကိုလည်း တင်ပြထားပါတယ်။ ဒါကို နိုင်ငံတကာ အနေနဲ့ ပွင့်လင်းမြင်သာမှု အရ သိရှိ စေလို ကြပါတယ် လို့ ပြောတာပါ။

ပိုဆိုးတာ က အလက်ပိုမြို့ ရဲ့ ဆင်ခြေဖုံး အရပ်တွေ မှာ ဆီးရီးယား အစိုးရ က ကလိုရင်းဓါတ်ငွေ့ တွေ ထည့်ထားတဲ့ ဗုံးတွေ ကို ရဟတ်ယာဉ်ပေါ် က တဆင့် ကြဲတယ် ဆိုတဲ့ စွပ်စွဲသံ ထွက်ပေါ်ခဲ့ပါတယ်။ အရေးပေါ် ကူညီ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ ပြောကြားချက် အရ လည်း ဆူကာရီ အရပ် က ကလေးလူကြီး ၈၀ ခန့် အသက်ရှူရ ခက်တဲ့ ဝေဒနာ ခံစားကြရတဲ့ အကြောင်း သိရပါတယ်။ ကလေးတွေ ဆိုရင် အောက်စီဂျင် ဓါတ်ငွေ့ အကူအညီ နဲ့ အသက်ရှူ ရတဲ့ အထိ အခံရ ခက်ကြတာပါ။

ကုလသမဂ္ဂ ရဲ့ စုံစမ်း စစ်ဆေးချက် အရလည်း ပြီးခဲ့တဲ့ သြဂုတ်လ တုန်း က ကလိုရင်း ဓါတ်ငွေ့သုံး ပြီး တိုက်ခိုက်မှု နှစ်ကြိမ်တွေ့ရှိတယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆီးရီးယား အစိုးရ ဘက်ကတော့ ဓါတုလက်နက် အသုံးပြုခြင်း လုံးဝ မရှိဘူး လို့ အမြဲလို ငြင်းဆိုလေ့ရှိပါတယ်။

တကယ်တော့ ဓါတုလက်နက် သုံးစွဲမှု ကို နိုင်ငံတွေ အကြား သဘောတူညီချက် အရ ပိတ်ပင်ထားမှု ရှိတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။