IS ခြေကုပ်မြို့ကို အမေရိကန်နဲ့ ပေါင်းတိုက်ဖို့ အသင့်ပဲလို့ တူရကီပြော

  • 7 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption IS အဖွဲ့ အဓိက အခြေစိုက်တဲ့ ရက်ကာမြို့ကို သိမ်းနိုင်ရင် IS တွေကို အထိနာစေနိုင်။

ဆီးရီးယား နိုင်ငံထဲက ရက်ကာ မြို့မှာ ခြေကုပ်ယူထားတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို တိုက်ထုတ် နိုင်ရေးအတွက် တူရကီက အမေရိကန်နဲ့ ပူးပေါင်း စစ်ဆင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ တူရကီ သမ္မတ အာဒိုဂန်က ပြောလိုက်ပါတယ်။

အခုလို တူရကီနဲ့ အမေရိကန် ပူးပေါင်း စစ်ဆင်မယ့် အကြံကို တရုတ် နိုင်ငံမှာ ပြုလုပ်တဲ့ ဂျီတွမ်တိ အစည်းအဝေးမှာ အမေရိကန် သမ္မတ အိုဘားမားက အဆိုပြုခဲ့တာလို့ မစ္စတာ အာဒိုဂန်က ပြောပါတယ်။

တူရကီ စစ်တပ် အနေနဲ့ ဆီးရီးယား မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ပါဝင်နေခဲ့ပြီး ဖြစ်ကာ IS တွေကိုရော ကာဒစ်ရှ် သူပုန်တွေကိုပါ တိုက်ခိုက် နေခဲ့တာပါ။

ဆီးရီးယား သမ္မတ အာဆတ်ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား ကတော့ တူရကီ စစ်တပ်ရဲ့ ဆီးရီးယား နယ်မြေအတွင်း လှုပ်ရှားမှုတွေ အပေါ် အလွန် စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

ရက်ကာ မြို့ကို အမေရိကန်နဲ့ ပူးပေါင်း စစ်ဆင်မယ့် မစ္စတာ အာဒိုဂန်ရဲ့ စကားကို တူရကီ မီဒီယာတွေမှာ ဖော်ပြ ခဲ့တာပါ။ အမေရိကန် ဘက်ကတော့ တစုံတရာ အတည်ပြု ပြောဆိုတာ မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ