အိန္ဒိယမှာ ဘာသာရေး ထိခိုက်စေမှုနဲ့ ပိုကီမွန်ဂိမ်းကို တရားစွဲ

  • 7 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် NIANTIC
Image caption ပိုကီမွန်ကို အိန္ဒိယမှာ တရားဝင် မဖြန့်ပေမယ့် ကစားသူတွေ အများအပြား ရှိနေ။

အိန္ဒိယ နိုင်ငံမှာ သန်းပေါင်းများစွာ ရှိတဲ့ သတ်သက်လွတ် ဘာသာရေး သမားတွေကို ပိုကီမွန် ဂိမ်းက ထိခိုက်စေတယ် ဆိုတဲ့ စွဲချက်တစ်ခု အိန္ဒိယ တရားရုံး တစ်ခုကို ရောက်လာပါတယ်။

ဟိန္ဒူနဲ့ ဂျိန်း ဘာသာဝင်တွေ ဝတ်ပြုရာ ဘုရားကျောင်းတွေမှာ ပိုကီမွန် ဂိမ်းထဲက ဥတွေ မြင်ရတာဟာ ဘာသာရေးဆိုင်ရာ စံနှုန်းတွေကို စော်ကားရာ ရောက်တယ် ဆိုပြီး လူတစ်ယောက်က ဂူဂျာရတ် ပြည်နယ်က တရားရုံးချုပ်မှာ လျှောက်ထား ခဲ့တာပါ။ ပိုကီမွန် ဂိမ်းကို ပိတ်ပေးဖို့ သူက တောင်းဆိုပါတယ်။

အဲဒီ တရားရုံးက ပိုကီမွန် ဂိုး ဂိမ်းကစားနည်း တီထွင်တဲ့ အမေရိကန် အခြေစိုက် ကုမ္ပဏီကို အကြောင်းပြန်ဖို့ တောင်းဆို ထားပါတယ်။

ဒါပေမယ့် ပိုကီမွန် ဂိမ်း တီထွင်သူ Niantic Inc အနေနဲ့ အဲဒီ စွဲချက်တွေကို တုံ့ပြန် ဆောင်ရွက်မလား ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ဆိုရှယ် မီဒီယာတွေ ပေါ်မှာတော့ အိန္ဒိယ တရားရုံးရဲ့ ဆောင်ရွက်ချက် အပေါ် လှောင်ပြောင် နေကြပါတယ်။

ပိုကီမွန် ဂိုး ဟာ အိန္ဒိယမှာ တရားဝင် ဖြန့်ချိတာ မဟုတ်ပေမယ့် ကြံဖန် ရယူပြီး ကစား နေကြတာပါ။

ပိုကီမွန် ဂိမ်းနဲ့ ပတ်သက်ပြီး နိုင်ငံ တချို့မှာ အငြင်းပွားဖွယ် ကိစ္စတွေ ပေါ်နေပါတယ်။

အီရန်မှာတော့ အဲဒီ ဂိမ်းကို ပိတ်ပင် ထားပါတယ်။ ရုရှားမှာလည်း ဘုရားကျောင်းထဲမှာ ပိုကီမွန် ကစားသူ တစ်ယောက်ကို ဘာသာရေး ဆိုင်ရာ အပြစ်ပြုမှုနဲ့ စွဲဆို ခံရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ