ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီး၃ဦးဖမ်းမိ

  • 8 စက်တင်ဘာ 2016
ပြင်သစ်မှာ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက် ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ်မှာ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်

ပြင်သစ်နိုင်ငံ နောထရီးဒမ် ဘုရားကျောင်းအနီး ဂက်စ်ဓါတ်ငွေ့ဘူးတွေ တင်ထားတဲ့ကားတွေ့တဲ့ အတွက်မသင်္ကာသူ အမျိုးသမီး ၃ယောက်ကို ရဲကဖမ်းဆီးရာမှာ ရဲတယောက် ဓါးထိုးခံရပါတယ်။

အဲဒီလို ဓါးထိုးမှုဖြစ်ပြီး ရဲကပစ်လိုက်လို့ အမျိုးသမီး ၃ယောက်ထဲက တယောက် ဒဏ်ရာ ရသွားတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘဲနားကတ်ဇ်နို့ဗ်က ပြောပါတယ်။ ဒီ၃ယေက်တို့ဟာ တိုက်ခိုက်မှု တခုလုပ်ဖို့ ပြင်နေကြတယ်လို့ ယူဆရကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။

အိုင်အက်စ် အစ္စလမ်မစ်စစ် သွေးကြွဆိုသူတွေရဲ့ လက်ချက်နဲ့ ပြင်သစ်မှာ နိုဝင်ဘာလတုန်းက လူ၁၃၀သေတဲ့ တိုက်ခိုက်မှုတွေ တသီကြီးဖြစ်ခဲ့ပြီးနောက် အဲဒီအချိန်ကစလို့ ကနေ့အထိ အရေးပေါ် အခြေအနေကြေညာ ထားရပါတယ်။ စိန်းမြစ်ကမ်း နောထရီးဒမ်နားက မွန်တီဘဲလိုဆိုတဲ့ နေရာမှာ ဗုဒ္ဓဟူးနေ့တုန်းက အရေးပေါ် မီးပြနေတဲ့ နံပတ်မပါတဲ့ ပါဇယိုးကားတစီးကို ရဲတွေက တွေ့ရှိပါတယ်။

အဲဒီကားထဲမှာ အာရပ်စာနဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေလည်း ရှာဖွေတွေ့ရှိပါတယ်။ ရှေ့ထိုင်ခုံက ဓါတ်ငွေ့ဘူးက အလွတ်ဖြစ်ပြီးအထဲမှာ စနက်တံမတွေ့ရဘူးလို့ ရဲကပြောပါတယ်။

အကြမ်းဖက်မှုအတွက် စောင့်ကြည့်ခံရသူ တယောက်ကို ဗုဒ္ဓဟူးနေ့တုန်းက ဖမ်းဆီးလိုက်ပြီး ကားပိုင်ရှင်နဲ့ပတ်သက်သူ တယောက်ကိုလည်း ရဲကဖမ်းလိုက်ပါတယ်။ အခုနောက်ဆုံး အဖမ်းခံရသူ ၃ယေက်တို့ဟာ အသက်၃၉နှစ် ၂၃နှစ်နဲ့ ၁၉နှစ်အရွယ် အမျိုးသမီးတွေ ဖြစ်ပြီး သူတို့ကို အစွန်းရောက်တဲ့ ဝါဒဘက်ကို သွတ်သွင်းခံရသူတွေ ဖြစ်သလို အကြမ်းဖက်မှုကို ချက်ချင်းလုပ်ဖို့ ပြင်ဆင်နေတဲ့ပုံ ပေါ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ