အိန္ဒိယ အက်ဆစ်နဲ့ ပက်သူကို သေဒဏ်ချမှတ်

  • 8 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် HINDUSTAN TIMES
Image caption ပရီးတီး ရဟာသီရဲ့ ဓာတ်ပုံနဲ့ ဝမ်းနည်း ကြေကွဲနေတဲ့ သူ့မိဘ နှစ်ဦး။

အိန္ဒိယ နိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်က ရထား ဘူတာရုံမှာ အမျိုးသမီး တစ်ဦးကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့ လူတစ်ယောက်ကို မွမ်ဘိုင်း တရားရုံး တစ်ရုံးက သေဒဏ် ချမှတ် လိုက်တဲ့ အတွက် ထူးခြားတဲ့ တရားစီရင်ချက် တစ်ခု ဖြစ်လာ ခဲ့ပါတယ်။

အက်ဆစ်နဲ့ အပက်ခံရတဲ့ ပရီးတီး ရဟာသီ ခေါ် အမျိုးသမီးဟာ အဲဒီ အချိန်က ၂၃ နှစ်သာ ရှိသေးပြီး အိန္ဒိယ ရေတပ်ကို သူနာပြုအဖြစ် ဝင်ရောက်ဖို့ ဒေလီမြို့ကနေ မွမ်ဘိုင်းမြို့ကို ရောက်လာရုံသာ ရှိပါသေးတယ်။

အက်ဆစ်နဲ့ ပက်တဲ့သူကတော့ အိမ်နီးချင်း ဖြစ်တဲ့ အန်ကာ ပန်ဝါ ဆိုသူ ဖြစ်ပြီး သူက လက်ထပ်ခွင့် တောင်းတာကို ငြင်းပယ်ခံရလို့ အဲဒီလို တိုက်ခိုက်တာလို့ ပြောပါတယ်။

အိန္ဒိယက အလားတူ အက်ဆစ်နဲ့ တိုက်ခိုက်မှုတွေမှာ လျှော့ပေါ့တဲ့ ပြစ်ဒဏ်တွေသာ ချခဲ့တဲ့ အတွက် အခုလို သေဒဏ် ချမှတ်တာက ထူးခြား ပါတယ်။

တိုက်ခိုက် ခံရတဲ့ အမျိုးသမီးကတော့ အဆုတ်နဲ့ မျက်လုံးမှာ ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ပဲ တစ်လ အကြာ ၂၀၁၃ မေလ မှာ သေဆုံး ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်း အိန္ဒိယမှာ အက်ဆစ် ရောင်းချမှုတွေကို စည်းကမ်း တင်းကျပ်ဖို့ အိန္ဒိယ တရားရုံးချုပ်က အမိန့်ထုတ်ပြန် ခဲ့ပေမယ့် ဝေဖန်သူတွေ ကတော့ အက်ဆစ်ကို အလွယ်တကူ ဝယ်ယူလို့ ရနေဆဲပဲလို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ