နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌကို ရဲက စစ်ဆေးမေးချင်

  • 9 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption Thomas Bach ကို မျက်မြင် သက်သေ တဦးအနေနဲ့ မေးမြန်းချင်တယ်လို့ ဘရာဇီး ရဲတွေပြော

ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အိုလံပစ် အားကစား ပွဲအတွင်း လက်မှတ် မှောင်ခို ရောင်းခဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ ဆက်နွယ်ပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Thomas Bach ကို စစ်ဆေး မေးမြန်းဖို့ အလိုရှိတယ်လို့ ဘရာဇီး ရဲတွေက ပြောပါတယ်။

သူ့ကို မျက်မြင်သက်သေ တဦးအနေနဲ့ သာ မေးမြန်းမှာ ဖြစ်ပြီး တရားခံ အနေနဲ့ မဟုတ်ဘူးလို့ ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ရီယိုမြို့ မှာ အဖမ်းခံခဲ့ရပြီး တရားစွဲ ခံရမယ့် အခြေအနေ ရှိနေတဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီ တာဝန်ရှိ ပုဂ္ဂိုလ် Patrick Hickey ကို မစ္စတာ Bach ပေးပို့ထားတဲ့ အီးမေးလ်တွေကို ရဲတွေက ဖေါ်ထုတ် တွေ့ရှိထားပါတယ်။

မစ္စတာ Hickey ကတော့ လက်မှတ် မှောင်ခို ရောင်းတဲ့အထဲမှာ သူလုံးဝ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

Thomas Bach ဟာ အိုလံပစ် ပွဲ ပြီးကတည်းက ရီယိုမြို့ကို ပြန်မသွားတော့ပဲ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ မသန်စွမ်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားကိုလည်း မတက်ရောက်ခဲ့ပါဘူး။