Samsung Galaxy Note 7 မိုဘိုင်းဖုန်း နဲ့ပတ်သက်လို့ လေကြောင်းလိုင်းတွေ ကို သတိပေး

  • 10 စက်တင်ဘာ 2016
samsung battery ဓာတ်ပုံ မူပိုင် Ariel Gonzalez
Image caption Samsung Galaxy Note 7 က ဓာတ်အားသွင်းစဉ် မီးလောင်ခဲ့ဟု ဆို

လေယာဉ်တွေ ပေါ်မှာ လိုက်ပါစီးနင်း မယ့် ခရီးသည်တွေ ထဲက Samsung Galaxy Note 7 ကိုင်ထားတဲ့ သူတွေ ဆိုရင် ဖုန်းကို ပါဝါ မဖွင့်ပဲ ပိတ်ထား ဖို့ အမေရိကန် ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေး ဌာနက သတိပေး ညွှန်ကြားလိုက်ပါတယ်။

ဖုန်း ကို လေယာဉ် ကုန်စည်တင်တဲ့ နေရာမှာ ထား ဖို့ ခရီးစဉ် မစခင် လေကြောင်းလိုင်း ကို အပ်ထားလိုက်တဲ့ ခရီးဆောင် သေတ္တာတွေ ထဲမှာလည်း ထည့် မပေးလိုက်ဖို့ အဲဒီဌာန က သတိပေးပါတယ်။

အဲဒီ Samsung Galaxy Note 7 က ဘက်ထရီအားသွင်း တုန်း အချိန် နဲ့ အားသွင်းပြီးပြီးချိန် မှာ ထပြီး မီးလောင် ကာ ပေါက်ကွဲတဲ့ တဲ့ အဖြစ်တွေ ကြုံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပြီးတဲ့နောက် ဆမ်ဆောင် ကုမ္ပဏီ က ဖုန်းတွေ ကို ပြန်သိမ်း နေတာ လွန်ခဲ့တဲ့ သီတင်းပတ် ထဲ က ပါ။

အခုလို အမေရိကန် လေကြောင်း ဌာန က သတိပေးတာတွေ ထွက်ခဲ့တာတွေမ တိုင်ကလည်း ကွမ်းတပ်စ တို့ ဗာဂျင်း သြစတြေးလျ လေကြောင်းလိုင်းတွေ က အဲဒီ Samsung Galaxy Note 7 ဖုန်းကို လေယာဉ်ပျံသန်းနေစဉ်မှာ ဖုန်းကို မသုံးဖို့နဲ့ ဖုန်းကို ဓာတ်အားမသွင်း ဖို့ ခရီးသည်တွေ ကို သတိပေးတားမြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်း က လည်း အမေရိကန် Fox 10 ရုပ်သံလွှင့် ချန်နယ် က Samsung Galaxy Note 7 မီးလောင် ပေါက်ကွဲ ခဲ့တာ ကြောင့် ဂျစ်ကား တစင်း မီးလောင် ခဲ့တယ် အကြောင်း သတင်းထုတ်လွှင့်ခဲ့ပါတယ်။

အခုလို ဆမ်ဆောင် ဖုန်းပြဿနာ ကြောင့် လေကြောင်းလိုင်းတွေ လေကြောင်းဌာန တွေမှာ သတိပေး တာတွေ ပေါ်လာပေမယ့် လေယာဉ် ပေါ်မှာ အဲဒီ ဖုန်းကြောင့် ပြဿနာ တက်ရတယ် ဆိုတဲ့ အဖြစ်တော့ မရှိသေးပါဘူး။

ဒီလို လီသီယမ် ဘက်ထရီ ဓာတ်ခဲ တွေနဲ့ပတ်သက်လို့ အမေရိကန် လေကြောင်းအုပ်ချုပ်ရေး ဌာန က သတိပေးတာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်တော့မဟုတ် ပါဘူး။

ဒီနှစ် အစောပိုင်းတုန်း ကလည်း လေယာဉ်တွေအနေနဲ့ လီသီယမ် ဓာတ်ခဲတွေ သယ်ဆောင်မယ် ဆိုရင်ဘေး အန္တရာယ် ကင်းနိုင်ဖို့ အတွက် အသေအချာ စစ်ဆေးကြဖို့ အဲဒီ ဌာန က လေကြောင်းလိုင်းတွေ ကို ညွှန်ကြားဖူးပါတယ်။

Samsung Galaxy Note 7 ကို ပြီးခဲ့တဲ့လ က စျေးကွက်တင်ခဲ့တာဖြစ်ပြီးတော့ လူကြိုက်လည်းများခဲ့တဲ့ဖုန်းပါ။

အဲဒီဖုန်း အလုံးပေါင်း ၂ သန်းခွဲကို ကမ္ဘာ့ နိုင်ငံအသီးသီး ကို တင်ပို့ရောင်းချ ပြီး ဖြစ်တယ်လို့ လည်း သိရပါတယ်။