ဆီးရီးယားထဲ အပစ်ရပ် သဘောတူမှု အသစ် စတင် သက်ဝင်

  • 13 စက်တင်ဘာ 2016
_syria_ceasefire
Image caption ဆီးရီးယား သမ္မတ အာဆတ် ဘက်ကလည်း အခု သဘောတူမှု ကို လိုက်နာမှာ ဖြစ်တယ်လို့ သမ္မတ အာဆတ် ရဲ့ မဟာမိတ် ရုရှား က အမေရိကန် ကို ကတိပြု

ဆီးရီးယား နိုင်ငံထဲမှာ အသစ်ထပ်မံ ရယူထားတဲ့ အပစ်အခတ် ရပ်ရေး သဘောတူမှု စတင် သက်ဝင် လာပြီ ဖြစ်ပါတယ်။

အခု သဘောတူမှုဟာ ဆီးရီးယား နိုင်ငံ ပြိုကွဲ မသွားပဲ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဖို့ နောက်ဆုံး အခွင့်အလမ်း တစ်ရပ် အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပုံဖော် ပြောဆို ခဲ့ပါတယ်။

ဆီးရီးယား သမ္မတ အာဆတ် ဘက်ကလည်း အခု သဘောတူမှု ကို လိုက်နာမှာ ဖြစ်တယ်လို့ သမ္မတ အာဆတ် ရဲ့ မဟာမိတ် ရုရှား က အမေရိကန် ကို ကတိပြု ပြောဆို ထားပါတယ်။

ဆီးရီးယား အရေး စောင့်ကြည့် နေသူတွေရဲ့ အဆိုအရ တနင်္လာနေ့ နေဝင်ချိန် က စလို့ စတင် သက်ဝင် လာခဲ့တဲ့ အပစ်ရပ် သဘောတူမှု ဟာ နာရီ အတန် ကြာ အောင် အခု အချိန်ထိ တော့ လုံးဝ နီးပါး မကျိုး မပေါက် ခိုင်မာ နေတယ်လို့ ဆိုပါတယ်။

အလက်ပ်ပို မြို့မှာ တစ်နေ့လုံး လိုလို ကျရောက် ပေါက်ကွဲ နေတဲ့ ဗုံးသံ တွေ တိတ်ဆိတ် သွား ခဲ့ပြီး ကောင်းကင်ယံ မှာလည်း လေယာဉ် တစ်စင်းမှ မတွေ့ ရတော့ဘူး လို့ သူပုန် တွေ ထိန်း ချုပ် ထားရာ အရှေ့ပိုင်း နယ်မြေ က မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အကူအညီ ပေးရေး ပရဟိတ အဖွဲ့တွေ ကတော့ လက်နက်ကိုင် တပ် အသီးသီးရဲ့ ပိတ်ဆို့ ထားတာ ခံ နေကြတဲ့ ဆီးရီးယား တလွှားက ဒေသတွေဆီ အရေးတကြီး လိုအပ်နေတဲ့ ထောက်ပံ့ ကယ်ဆယ်ရေး ပစ္စည်းတွေ စတင် ပို့ဆောင် လာနိုင်ဖို့ မျှော်လင့် နေကြ ပါတယ်။

သူပုန်တွေ လက်ထဲ ကနေ ဆီးရီးယား အစိုးရ တပ်က လတ်တလော ပြန်လည် သိမ်းယူ ထားနိုင်တဲ့ နယ်မြေ တွေမှာ ရှိနေတဲ့ လမ်းကြောင်း တွေကို အသုံးပြုပြီး အလက်ပ်ပို မြို့ ရှိရာဆီ လူသားခြင်း စာနာ နားလည်တဲ့ အထောက်အပံ့ ပစ္စည်း တွေ အမြန် ဆုံး ပို့ သွားမယ်လို့ ရုရှား က ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ