ဆီးရီးယားထဲ အပစ်ရပ်မှု ၄၈ နာရီ ထပ်တိုးမယ်

  • 14 စက်တင်ဘာ 2016
_syria_truce_
Image caption နှစ်ရက် တာ အပစ်ရပ်ခဲ့တဲ့ ရက်တွေမှာ အရပ်သား အသေအပျောက် လုံးဝ မရှိခဲ့။

ဆီးရီးယား နိုင်ငံထဲ ရယူ ထားတဲ့ အပစ်ရပ် သဘောတူမှု ကို နောက်ထပ် ၄၈ နာရီ ကြာ တိုးမြှင့် ဖို့ အမေရိကန် နဲ့ ရုရှား အစိုးရ နှစ်ရပ် အကြား သဘောတူ ခဲ့ကြတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

အမေရိကန် နဲ့ ရုရှား နှစ်နိုင်ငံ ပူးပေါင်းပြီး ကမကထ လုပ် ရယူထားတဲ့ လက်ရှိ အပစ်ရပ် သဘောတူမှု ဟာ ဆီးရီးယား နိုင်ငံထဲ သက်ဝင် ခဲ့တာ နှစ်ရက် ကြာမြင့် နေပြီ ဖြစ်ပါတယ်။

ဒီ နှစ်ရက် တာ ကာလ ထဲမှာ အပစ်ရပ် ကျိုးပေါက် မှု တွေ အကြိမ်ရေ တချို့ ရှိခဲ့ ပေမယ့်၊ အရပ်သား အသေအပျောက် တော့ လုံးဝ မဖြစ်ပေါ် ခဲ့ဘူးလို့ စောင့်ကြည့် နေသူ တွေက ပြောပါတယ်။

ဒါပေမယ့် လုံလောက်တဲ့ လုံခြုံရေး ဆိုင်ရာ အစီအစဉ် တွေ ရှိ မနေတဲ့ အတွက် အရပ်သားတွေကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပေးဖို့ ရာ ကတော့ မတွင်ကျယ် နိုင် ဖြစ်နေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း က ဆိုပါတယ်။

ဒါ့ကြောင့် လမ်းကြောင်းတွေ ပွင့်သွားအောင် ဆီးရီးယား အစိုးရ အပေါ် သူ့ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား အစိုးရ က တောင်းဆို ပေးဖို့ နဲ့ ၊ အမေရိကန် အနေနဲ့လည်း သူ ဩဇာညောင်းတဲ့ သူပုန် တပ်ဖွဲ့ဝင် တွေကို တောင်းဆိုဖို့ မစ္စတာ ဘဲန်က တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ