ဥရောပသမဂ္ဂ ကို ပိုမိုရှင်သန် အားကောင်း စေမယ်

  • 17 စက်တင်ဘာ 2016
eu ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန် မပါတဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ ဆွေးနွေးပွဲ

ဆလိုဗက်ကီးယားနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ ဥရောပ ခေါင်းဆောင်တွေဟာ ဥရောပသမဂ္ဂ ကို ပိုမို ရှင်သန် တက်ကြွလာအောင် လုပ်ကြမယ် ဆိုတဲ့ ကတိနဲ့ ညီလာခံကို အဆုံးသတ်ခဲ့ကြပါတယ်။

တရားမဝင် နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေကို တားဆီးရေးနဲ့ လုံခြုရေး ကိစ္စရပ်တွေကို ပိုမို ပူးပေါင်း ဆောင်ရွက်ရေး အတွက် စီမံကိန်းတရပ် ရေးဆွဲဖို့ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အဲန်ဂယ်လာ မာခဲလ်က ပြောပါတယ်။

ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ် တပ်စ ကလည်း ဆွေးနွေးခဲ့တဲ့ ဦးတည်ချက်တချို့ကို ပြောရမယ် ဆိုရင် ထိန်းမနိုင် သိမ်းမရ ဖြစ်ရလောက်အောင် ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာခဲ့တဲ့ မနှစ်တုန်းကလို အဖြစ်မျိုး နောက်ထပ် ဘယ်တော့မှ ထပ်မဖြစ်ဖို့၊ ရှဲန်ဂန် သဘောတူချက်ကို ပြန်ကျင့်သုံးဖို့ အတွက် ဥရောပဒေသ အပြင်ဘက် နယ်စပ်တွေကို အပြည့်အဝ ထိန်းချုပ်ထားဖို့ ဆိုတဲ့ အချက်တွေ ပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အီတလီနဲ့ ဟန်ဂရီ နိုင်ငံတွေကတော့ ဒီထိပ်သီးညီလာခံမှာ လုံလောက်တဲ့ တိုးတက် ဖြစ်ထွန်းမှုမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီညီလာခံဟာ ဥရောပ သမဂ္ဂ ထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖို့ ဗြိတိန် လူထု သဘောထား ဆန္ဒနဲ့ မဲခွဲခဲ့ အပြီး အီးယူ ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးတဲ့ ညီလာခံ ဖြစ်ပါတယ်။

ဒီညီလာခံမှာ ဗြိတိန် က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။