အမေရိကန် လေကြောင်းတိုက်ခိုက်မှု ဆီးရီးယား စစ်သား ၈၀ သေဆုံး

  • 18 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အတိုက်အခံ စစ်သားတွေ

အမေရိကန် တို့ရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အိုင်အက်စ် အစ္စလာမ်နိုင်ငံ အဖွဲ့ကို တိုက်ခိုက်နေတဲ့ ဆီးရီးယား စစ်သားတွေ သေဆုံးခဲ့တယ်ဆိုတာကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က ဝန်ခံ လိုက် ပါတယ်။

Syrian Observatory for Human Right အဖွဲ့က အနည်းဆုံး စစ်သား ၈၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုသွားတာကတော့ ဒီတိုက်ခိုက်မှုကို သူတို့က ဆီးရီးယား အစိုးရမှန်းသိသိနဲ့ တမင်ရည်ရွယ်တိုက်ခိုက်တာမဟုတ်ဘူးလို့ဆိုပါတယ်။

ဆီးရီးယားမှာ စစ်တပ်တွေက အများအပြားရှိနေကြပြီး နေရာယူထားပုံကလည်း ရှပ်ထွေးသလို တဖွဲ့နဲ့တဖွဲ့ကလည်း နီးကပ်နေကြလို့ သူတို့အနေနဲ့ မှားယွင်းတိုက်ခိုက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့က အိုင်အက်စ် တပ်ဖွဲ့လို့ထင်ပြီးတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ဆီးရီးယားအစိုးရတပ်ဖွဲ့မှန်းသိသိချင်းမှာ တိုက်ခိုက်တာကို ရပ်တန့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရုရှားကတော့ ဆီးရီးယားစစ်တပ်ကို အမေရိကန်က အခုလိုတိုက်ခိုက်လိုက်တာဟာ အိုင်အက်စ်အဖွဲ့ဟာ အခွင့်ကောင်းရပြီး ရှေ့ဆက်ချီတက်နိုင်အောင်လုပ်ပေးတာလို့ ဆိုပါတယ်။

အခု ရုရှားနဲ့ အမေရိကန် သဘောတူ ထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်အရ အစိုးရစစ်တပ်နဲ့ သူပုန်အဖွဲ့တွေ တိုက်ခိုက်မှုကို ရပ်စဲထားပြီး အိုင်အက်စ် အဖွဲ့နဲ့ ဂျီဟာ့ဒ် ဝါဒီ အယ်လ် နူဇရာ အဖွဲ့နှစ်ဖွဲ့ကိုသာ တိုက်ခိုက်ကြဖို့ သဘော တူ ထားတာဖြစ်ပါတယ်။

သဘောတူ ညီချက်အရ အမေရိကန် လေကြောင်း တပ်ဖွဲ့က ဆီးရီးယား အစိုးရစစ်တပ်ကို တိုက်ခိုက်နေတာကိုလည်း ရပ်တန့်ပေးရမှာ ဖြစ်သလို ရုရှား လေကြောင်းတပ်ဖွဲ့က ဆီးရီးယား သူပုန်တွေကို တိုက်ခိုက် နေတာကိုလည်း ရပ်တန့်ပေးရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ