အမေရိကန်မှာ အကြမ်းဖက်ဝါဒ အခြေခံ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်

  • 18 စက်တင်ဘာ 2016
_us_terrorism_attacks_
Image caption ဗုံးကွဲမှု ကြောင့် လူပေါင်း ၂၉ ယောက် ထိခိုက် ဒဏ်ရာ ရ။

အမေရိကန် ပြည်ထောင်စုမှာ စနေည က ဖြစ်ပေါ် ခဲ့တဲ့ ဗုံးကွဲမှု နဲ့ ဓားနဲ့ တိုက်ခိုက် ခံ ခဲ့ ရမှု တွေ ဟာ အကြမ်းဖက် ဝါဒ ကို အခြေခံ တဲ့ လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင် တွေက ပြော လာပါတယ်။

နယူးယောက် မြို့တော် ၊ မင်ဟက်တန် အပိုင်းက ချယ်ဆီး အရပ်မှာ ကွဲ ခဲ့တဲ့ ဗုံးဟာ အကြမ်းဖက် သမား တစ်ယောက်က ကျုးလွန် ခဲ့တာ လို့ နယူးယောက် ပြည်နယ် အုပ်ချုပ် ရေးမှုး အင်ဒရူး ကွာမို က ပြောပေမယ့် ၊ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တွေ နဲ့ ဆက်စပ် နေတာ မျိုး တော့ မတွေ့ရ ဘူး လို့လည်း ဆိုပါတယ်။

အဲဒီ့ ဗုံးကွဲမှု ကြောင့် လူပေါင်း ၂၉ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ကြ ပြီး ဆေးရုံ တင်ထား ရသလို၊ ဗုံးကွဲခဲ့ရာ နေရာ နဲ့ သိပ် မဝေးလှ တဲ့ နေရာ မှာလည်း မကွဲသေးတဲ့ နောက်ထပ် ဗုံး တစ်လုံး တွေ့ ထားရပါတယ်။

အခု ဆိုရင် နယူးယောက် မြို့တော် တခွင် လုံခြုံရေး အတွက် ရဲ နဲ့ ပြည်စောင့်တပ် အဖွဲ့ဝင် အင်အား တစ်ထောင် ကျော် တိုးမြှင့် ချ ထားပါတယ်။

တခါ၊ မင်နီဆိုးတားပြည်နယ် စိန့် ကလောက်ဒ် ဆိုတဲ့ မြို့ က ကုန်တိုက် တစ်ခု မှာ ဖြစ်ခဲ့တဲ့ ဓားနဲ့ တိုက်ခိုက် ခံခဲ့ရမှု ကိုလည်း အကြမ်းဖက် ဝါဒ အခြေခံ လုပ်ရပ် အဖြစ် သဘောထားပြီး စုံစမ်း စစ်ဆေး နေတယ်လို့ အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့ က ပြောပါတယ်။

လုံခြုံရေး ဝန်ထမ်း ဝတ်စုံကို ဝတ်ဆင် ထားသူ ဟာ လူ ၈ ယောက် ကို ဓားနဲ့ ထိုး ခဲ့ပြီး၊ အဲဒီ့ သူလည်း တာဝန် ချိန်က ပြီး လာတဲ့ ရဲ အမှုထမ်း က ပစ်ခတ် လို့ သေဆုံး သွားပါတယ်။

အဲဒီ့ ဓား သမား ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ထောက်ခံ အားပေးသူ ဖြစ်တယ် လို့ IS အဖွဲ့ က ပြောတယ် ဆိုပြီး IS နဲ့ အဆက်အစပ် ရှိတဲ့ သတင်း ဌာန တစ်ခု က ဆိုပါတယ်။

ဓား နဲ့ ထိုးခံ ခဲ့ရ သူတွေ ဟာ အသက် အန္တရာယ် စိုးရိမ် ရ လောက် အောင်တော့ မထိခိုက် ခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ