ဂရိ ဒုက္ခသည် စခန်းမီးလောင်

  • 19 စက်တင်ဘာ 2016
lesbos ဓာတ်ပုံ မူပိုင် ARIS MESSINIS l AFP
Image caption လက်ဇ်ဘော့ဇ် ကျွန်း ပေါ်က ဒုက္ခသည် စခန်း

ဂရိ နိုင်ငံ လက်ဇ်ဘော့ဇ် ကျွန်း ပေါ်က မော်ရီယာ ဒုက္ခသည် စခန်းမီးလောင် ခံရလို့ လူ ၃-၄ဝဝဝ လောက်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

လူတွေ မထိခိုက်ဘူးလို့ သိရပေမယ့် မီးခိုးလုံးကြီးတွေ တက်လာတဲ့ ပုံတွေကို တွေ့ရပါတယ်။

ကျွန်းပေါ်မှာ ရှိတဲ့ ဆွစ်ဇာလန်က ဒုက္ခသည် ကူညီရေး အဖွဲ့တခုက Aris Vlashopoulos က မီးကို ငြှိမ်းသတ်ပြီးပါပြီ၊ လူတွေလည်း စခန်းဆီ ပြန်လာနေကြပါပြီ၊ အများစုကတော့ လမ်းတွေပေါ်မှာပဲ အိပ်စက်နေကြပါတယ်၊ စခန်း ၃ဝ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုပါတယ်။

အာဖရိက နွယ်ဖွားတွေ နေ့လယ်စာ တန်းစီရင်း အစားအသောက် ညံ့ဖျင်းတာကို ဝိုင်းဝန်း ကန့်ကွက်ရာကနေ စကားများပြီး မီးလောင်တာလို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မီးလောင်ပြီး ဒုက္ခသည်တွေ ပြန်လာ
လူမဆန့်တဲ့ ကျွန်း

အဲဒိ ကျွန်းမှာ နေထိုင်တဲ့ ဒုက္ခသည် ၅၆ဝဝ လောက် ရှိတယ်လို့ သိရပါတယ်။

ကျွန်းပေါ်မှာ တကယ် လက်ခံ နိုင်တာကတော့ ၃၆ဝဝ လောက်ပဲ ဖြစ်ပါတယ်။

ဒီဒုက္ခသည် တွေကို တူရကီ ဘက်ကို အစုအပြုံလိုက် ပြန်ပို့မယ်လို့ သတင်းတွေ ထွက်လာပြီးနောက် တနင်္လာ နေ့ က ကျွန်းပေါ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း ဂရိ အစိုးရ သတင်းအရ သိရပါတယ်။

တနင်္လာ နေ့ ညနေပိုင်းက ကျွန်းပေါ်မှာ အခြေအနေတွေ တင်းမာနေလို့ လူတွေရဲ့ လုံခြုံရေး ကို စိုးရိမ်ရပါတယ်၊ မီးကလည်း တော်တော်ကြီးတယ်လို့ မီးလောင်မှု အကြောင်းရင်းကို စုံစမ်းနေတဲ့ အရာရှိ တယောက်က ပြောပါတယ်။

ဒီမှာ နေကြသူတွေက သူတို့ကို တူရကီ ပြန်ပို့မှာ နဲ့ နေရပ်ရင်း ပြန်ပို့မှာကို ပူပန် နေကြပါတယ်။

ကျွန်းပေါ်မှာ ဒုက္ခသည်တွေ ရောက်လာပြီးရင် သူတို့ကို စစ်ဆေးလို့ မပြီးမချင်း ဒီမှာပဲ ထားတဲ့ အတွက် လက်ဇ်ဘော့ဇ် ကျွန်းရဲ့ အနေအထား က ပိုဆိုး လာပါတယ်။

ဒုက္ခသည် ခိုလှုံခွင့် ရသူ တွေကိုတော့ ဂရိ ကုန်းမကြီးပေါ် ဆက်သွားခွင့် ပေးပြီး ကျန်တဲ့သူတွေကိုတော့ ပြန်ပို့မှာပါ။

ဒီလို လုပ်တာဟာ ဥရောပ သမဂ္ဂနဲ့ တူရကီတို့ မတ်လက သဘောတူထားတဲ့ အတိုင်း ဖြစ်ပါတယ်။

ဒီလို ဂရိ ကျွန်းတွေပေါ် ဖြတ်ကူးနေတဲ့ ရွှေ့ပြောင်း ဝင်လာသူ အရေအတွက် လျှော့ချရေးမှာ တူရကီက ကူညီဖို့ အီးယူ ဘက်ကလည်း တူရကီ နိုင်ငံသားတွေကို အီးယူထဲမှာ ဗီဇာ မလိုဘဲ သွားခွင့် အတွက် ဆွေးနွေးပါ့မယ်လို့ သဘောတူ ခဲ့ရတာပါ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ