လူသားဆန်နဲ့ နည်းတွေနဲ့ ဒုက္ခသည် အရေး ကိုင်တွယ်ဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ သဘောတူ

  • 19 စက်တင်ဘာ 2016
_migrant_ ဓာတ်ပုံ မူပိုင်
Image caption ဒုက္ခသည် အရေး ဖြေရှင်းကြရာမှာ ပိုပြီး လူသားဆန်တဲ့ နည်းလမ်း တွေ အသုံးပြုကြဖို့ ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင်တွေ သဘောတူ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ခဲ့တဲ့ ဒုက္ခသည် နဲ့ လူ ရွှေ့ပြောင်း ဝင်ရောက်မှု ဆိုင်ရာ ထိပ်သီး ညီလာခံမှာ ဒုက္ခသည် အရေး ဖြေရှင်းကြရာမှာ ပိုပြီး လူသားဆန်တဲ့ နည်းလမ်း တွေ အသုံးပြုကြဖို့ တက်ရောက် ခဲ့ကြတဲ့ ကမ္ဘာ့ နိုင်ငံတွေရဲ့ ခေါင်းဆောင် အသီးသီးက သဘောတူ ခဲ့ကြ ပါတယ်။

ဒီ ထိပ်သီး ညီလာခံကို ကုလသမဂ္ဂ ကြ ကြီးမှုးပြီး အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အနေနဲ့ ပူးပေါင်း ဆောင်ရွက် မှု တွေ တိုးမြှင့် ပြီး ဒုက္ခသည် အရေး ဖြေရှင်း ကြဖို့လည်း ခေါင်းဆောင် တွေ သဘောတူ ခဲ့ကြပါတယ်။

လူ ရွှေ့ပြောင်း ဝင်ရောက်မှုဆိုင်ရာ ပြဿနာ တွေကို ကိုင်တွယ် ဖြေရှင်းဖို့ရာ နိုင်ငံတကာ အနေနဲ့ ဘုံရပ်တည်မှု သဘောထားတွေ ရှိနိုင်တယ် ဆိုတာကို အခု ညီလာခံက ပြသနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း က ပြောပါတယ်။

ဒါပေမယ့် ညီလာခံ အတွင်း ပေးခဲ့ကြတဲ့ ကတိကဝတ် တွေကို တကယ်တမ်း လေးစား ပြီး အကောင်အထည် ဖော် ဆောင်ကြပါမှ ဒီ ညီလာခံ ဟာ အဓိပ္ပာယ် ရှိမှာ ဖြစ်တယ် လို့လည်း မစ္စတာ ဘဲန် က ဆိုပါတယ်။

ရွှေ့ပြောင်း သူတွေ ဟာ ပိုမို ကောင်းမွန်တဲ့ ဘဝ ရရှိ နိုင်မယ် ဆိုတဲ့ အိပ်မက် နဲ့ မက်လုံးပေး အလှည့်ဖျား ခံနေကြရတဲ့ ဘဝမျိုး ရောက်ရှိ နေရတယ်လို့ ရွှေ့ပြောင်း ဝင်ရောက်သူ များ ဆိုင်ရာ နိုင်ငံတကာ မဟာမိတ် အဖွဲ့ကတော့ ဆိုပါတယ်။

ရွှေ့ပြောင်းသူတွေ ဟာ အကြွေးနွံထဲ နစ်နေရပြီး၊ လူမှောင်ခို အကူးခံရ၊ လှည့်ဖျားပြီး ရောင်းစားတာ ခံရ၊ အခြေခံ လူ့ အခွင့်အရေးတွေ အငြင်းပယ် ခံရ အဖြစ်မျိုးတွေ ကြုံ နေရတယ်လို့ ရွှေ့ပြောင်း ဝင်ရောက်သူ များ ဆိုင်ရာ နိုင်ငံတကာ မဟာမိတ် အဖွဲ့ရဲ့ ဥက္ကဌ အီနီ လက်စတာရီ အဲန်ဒယာနီ အာဒီ က ပြောပါတယ်။

ဂျပန် နိုင်ငံက ဒုက္ခသည် ကူညီ ရေး အတွက် ဒေါ်လာ သန်းပေါင်း ၃ ထောင် နီးပါး ထည့်ဝင်ဖို့ ညီလာခံမှာ ကတိ ပြုခဲ့ပါတယ်။

ကမ္ဘာတလွှားက ဒုက္ခသည် တွေကို အခြေတကျ နေရာ ချထား ပေး နိုင်မှပဲ ဒုက္ခသည် အရေး ပြေလည် နိုင်လိမ့်မယ်လို့ ဂရိ နိုင်ငံက သတိပေး ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ