ထိုင်းမှာ ယူကေ နိုင်ငံသားကို ထောင်ဒဏ် ချမှတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေကို နိုင်ငံတကာက အာရုံစိုက်လာတဲ့အတွက် ကျေနပ်တယ်လို့ အန်ဒီ ဟောလ်က ပြော။

ထိုင်းနိုင်ငံမှာ သီးနှံ ထုတ်လုပ်ရေး လုပ်ငန်း တစ်ခုက အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး စည်းရုံး လှုပ်ရှားခဲ့တဲ့ ယူကေ နိုင်ငံသား တစ်ယောက်ကို အသရေဖျက်မှု၊ ကွန်ပျူတာ ပြစ်မှု ဥပဒေတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ် လိုက်ပါတယ်။

ဗြိတိန် နိုင်ငံသား အန်ဒီ ဟောလ် ဆိုသူဟာ ဆိုင်းငံ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး ဒဏ်ကြေးငွေ ဘတ် တစ်သိန်းခွဲ (ဒေါ်လာ ၄ ထောင့် ၃ ရာ) ကိုလည်း ချမှတ် ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံက Natural Fruit ကုမ္ပဏီမှာ ရွှေ့ပြောင်း အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက် ခံရတယ် ဆိုပြီး အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ တစ်ခု ဖြစ်တဲ့ Finnwatch မှာ ၂၀၁၃ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်း အစီရင်ခံစာကို အန်ဒီ ဟောလ်က ပေးပို့ခဲ့တာပါ။

အဲဒီ အစီရင်ခံစာမှာ လုပ်ငန်းခွင်အတွင်း ရွှေ့ပြောင်း အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက် ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြထားတာပါ။ ဒါပေမယ့် တရားရုံးကတော့ သူဟာ အဲဒီ အစီရင်ခံစာ ရေးစဉ်က မေးမြန်းသင့်တဲ့သူ အားလုံးကို မမေးမြန်းခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့သလို၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ အထောက်အထား တွေကိုလည်း စုံစမ်း စစ်ဆေးသူတွေက မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

Finnwatch က အခု စီရင်ချက်ကို အံ့အားသင့်ရတယ်လို့ ပြောပါတယ်။

မစ္စတာ ဟောလ်က တရားရုံးကို မဝင်မီ ဘီဘီစီကို ပြောရာမှာ တကယ်လို့ သူအပြစ်ရှိကြောင်း ဆုံးဖြတ် ခံခဲ့ရရင် အလွန့်အလွန် မတရားရာ ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး အပေါ် နိုင်ငံတကာက အာရုံစိုက် လာစေတဲ့အတွက်တော့ သူ ဝမ်းသာရတယ်လို့ ပြောပါတယ်။

မစ္စတာ ဟောလ်ရဲ့ ထောင်ဒဏ်က ၂ နှစ် ဆိုင်းငံ့ ဖြစ်လို့ ချက်ချင်း ထောင်ကျမှာတော့ မဟုတ်သေးပါဘူး။ အဲဒီ အစီရင်ခံစာကို အွန်လိုင်းပေါ်မှာ ဖြန့်ဝေခဲ့တဲ့ အတွက် ကွန်ပျူတာ ဆိုင်ရာ ပြစ်မှု ဥပဒေနဲ့ပါ အပြစ်ရှိကြောင်း ဆုံးဖြတ် ခံခဲ့ရတာပါ။

အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ထိုင်းနိုင်ငံရဲ့ ပြင်းထန်တဲ့ အသေရဖျက်မှု ပုဒ်မတွေ အပေါ် စိုးရိမ်ကြောင်း ဖော်ပြ ပြောဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ