ဂျိုလီနဲ့ ပစ်တို့ ကွာရှင်းကြမယ်

  • 20 စက်တင်ဘာ 2016
Angelina ဓာတ်ပုံ မူပိုင် AFP
Image caption ဟောလီးဝုဒ် ရဲ့ အကျော်ကြားဆုံး စုံတွဲ

ဟောလီးဝုဒ် ရုပ်ရှင်လောကရဲ့ အကျော်ကြားဆုံး စုံတွဲဖြစ်တဲ့ မင်းသမီး အိန်ဂျလီနာဂျိုလီနဲ့ မင်းသား ဘရက်ပစ်တို့ တရားဝင် ကွာရှင်း ပြတ်စဲတော့မယ်လို့ ဆိုပါတယ်။

အိန်ဂျလီနာဂျိုလီ ဖက်က စတင် တောင်းဆိုတာ ဖြစ်တယ်လို့ သူ့ ရဲ့ ရှေ့နေက ပြောပါတယ်။

ဆက်လက်ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူး ဆိုပြီး တနင်္လာနေ့ တုန်းက စာရွက်စာတမ်း တွေနဲ့ တရားဝင် တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

သားသမီး ခြောက်ယောက်ကို တာဝန်ယူမယ်လို့ မင်းသမီး အိန်ဂျလီနာ ဂျိုလီဘက်က ပြောထား တယ်လို့ ဆိုပါတယ်။

ကလေး ၃ ယောက်က မွေးစား တာ ဖြစ်ပြီး သူတို့ သွေးရင်းက ၃ ယောက်ပါ။

ဓာတ်ပုံ မူပိုင် Getty
Image caption ဒုက္ခသည်များ အရေး အထူးသံတမန် အိန်ဂျလီနာ ဂျိုလီ

အိန်ဂျလီနာဂျိုလီဟာ ကုလ သမဂ္ဂ ဒုက္ခသည်များ အရေး အထူးသံတမန် အနေနဲ့ မြန်မာပြည် အပါအဝင် ကမ္ဘာအရပ်ရပ်မှာ လှုပ်ရှား ဆောင်ရွက်နေသူပါ။

မင်းသမီး အိန်ဂျလီနာ ဂျိုလီနဲ့ မင်းသား ဘရက်ပစ်တို့ အတူ နေကြတာ ၁ဝ နှစ် ရှိမှ ၂ဝ၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ ကြတာဖြစ်ပါတယ်။

ဘရက်ပစ် အတွက် ဒုတိယ အိမ်ထောင် ဖြစ်ပြီး ဂျိုလီ အတွက်တော့ တတိယ အိမ်ထောင် ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ မစ္စတာနဲ့ မစ္စစ် စမစ် ဇာတ်ကား ရိုက်ပြီးနောက် လက်တွဲခဲ့ကြတာ ဖြစ်ပြီး ဟောလီးဝုဒ်ရဲ့ လူသိအများဆုံး ဇနီးမောင်နှံ ဖြစ်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းသမီးက ဘာကိုမှ မှတ်ချက်ပေးမှာ မဟုတ်ဘဲ သူ့မိသားစုကိုလည်း စုံစမ်း မေးမြန်းတာတွေ မလုပ်ပါနဲ့လို့ ပြောကြားကြောင်း သိရပါတယ်။

ဂျိုလီရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တယောက်ကတော့ သူ့မိသားစု အတွက် အကောင်းဆုံး ဖြစ်အောင် ဂျိုလီ ကြိုးစားမှာပါလို့ ဆိုပါတယ်။

မနှစ်က ရိုက်တဲ့ ပင်လယ်ဘေးမှာ ဇာတ်ကား အပြီး ဘရတ်ပစ်နဲ့ သူ့ကြားမှာ ပြဿနာတွေ ရှိတယ်လို့ ဂျိုလီက စပြောခဲ့ပါတယ်။

တယောက်ကို တယောက် ခွာထုတ်ချင်အောင် ရူးသွပ်ကြတဲ့ ရက်တွေ ရှိပါတယ်၊ ကျမတို့လည်း တခြား စုံတွဲတွေလိုပါပဲ လို့ သူက ဆိုပါတယ်။

သူတို့ ၂ ယောက် အတူ ရိုက်ကူးပြီး ဂျိုလီ ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ပင်လယ်ဘေးမှာ ဇာတ်ကားကတော့ အိမ်ထောင်ရေး ပြန်ကောင်းအောင် ကြိုးစားကြတဲ့ စုံတွဲ တတွဲအကြောင်းပဲ ဖြစ်ပါတယ် ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ