ဆီးရီးယား အကူယာဉ်တန်း အားလုံး ကုလ ရပ်ဆိုင်း

  • 20 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ခိုက်ခံရတဲ့ အကူယာဉ်တန်းက ထောက်ပံ့ရေး ပစ္စည်းတွေ သုံးလို့မရအောင် ပျက်စီးခဲ့။

အလက်ပိုမြို့ အနီးမှာ တနင်္လာနေ့က ကယ်ဆယ်ရေး ယာဉ်တန်းကို လေကြောင်းကနေ တိုက်ခိုက်တာ ခံခဲ့ရပြီးနောက် ဆီးရီးယားထဲက ထောက်ပံ့ ကယ်ဆယ်ရေး ယာဉ်တန်း အားလုံးကို ကုလ သမဂ္ဂက ရပ်ဆိုင်း ထားလိုက်ပါတယ်။

အဲဒီ ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရတဲ့ ကယ်ဆယ်ရေး ယာဉ်တန်းမှာ ဖြတ်သန်းဖို့ လိုအပ်တဲ့ ခွင့်ပြုချက်တွေလည်း ပါရှိသလို တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံးကိုလည်း ကြိုတင် အကြောင်းကြား ထားပြီးသား ဖြစ်တယ်လို့ ကုလ သမဂ္ဂ ပြောခွင့်ရသူက ဆိုပါတယ်။

ဂျုံတွေ၊ ဆေးဝါးတွေ၊ ဆောင်းရာသီအတွက် အဝတ်အထည်တွေ တင်လာတဲ့ လော်ရီကား ၃၁ စီးထဲက ၁၈ စီးဟာ လုံးဝ ပျက်စီး သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရဟိတ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Syrian Arab Red Crescent ရဲ့ အကြီးတန်း အရာရှိ တစ်ယောက် အပါအဝင် အရပ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ ကူညီ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ဥက္ကဋ္ဌ Peter Maurer က အဲဒီ ဗုံးကြဲ တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

သီတင်း တစ်ပတ် ကြာမြင့်ခဲ့တဲ့ အပစ်ရပ်ဆိုင်းမှု အစီအစဉ် အဆုံးသတ်သွားပြီလို့ ဆီးရီးယား စစ်တပ်က ကြေညာပြီး မကြာမီမှာပဲ အဲဒီလို အကူ ယာဉ်တန်း တိုက်ခိုက် ခံခဲ့ရတာပါ။

ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကတော့ အဲဒီ တိုက်ခိုက်မှုကို ဆီးရီးယား ဒါမှမဟုတ် ရုရှား တိုက်လေယာဉ်က လုပ်ခဲ့တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ