ဆေးယဉ်တဲ့ စူပါပိုးမွှားတွေ တိုက်ဖျက်ဖို့ ကုလ သဘောတူ

  • 21 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် SPL

ဆေးတွေ မတိုးတော့ဘဲ ဆေးယဉ်နေတဲ့ စူပါပိုးမွှား တွေကို တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက သမိုင်းဝင် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အခုလို ဆေးမတိုးတော့တဲ့ စူပါပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ ရောဂါတွေက လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ အကြီးဆုံး ပြဿနာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

တနှစ်ကို အနည်းဆုံး လူပေါင်း ၇ သိန်းဟာ ဆေးယဉ်နေတဲ့ ပိုးမွှားတွေကြောင့် မသေသင့်ဘဲ သေဆုံးကြရပါတယ်။

အခု လက်မှတ် ထိုးလိုက်တဲ့ စူပါပိုးမွှား တိုက်ဖျက်ရေး သဘောတူ ကြေညာချက်ဟာ ကျန်းမာရေး နယ်ပယ်မှာ ကုလ သမဂ္ဂရဲ့ ၄ ခုမြောက် ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က အိတ်ချ်အိုင်ဗီ၊ ၂၀၁၁ ခုနှစ်မှာ ကင်ဆာလို ကူးစက်ခြင်း မရှိတဲ့ ရောဂါ NCDs တွေ၊ ၂၀၁၃ မှာ အီဘိုလာ၊ စတဲ့ ကုလ သမဂ္ဂ သဘောတူ ကြေညာချက်တွေ ထွက်ခဲ့ပါတယ်။

အခုလို ဆေးမတိုးတော့တဲ့ စူပါ ပိုးမွှား ပြဿနာဟာ လူတွေ၊ တိရစ္ဆာန်တွေနဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာ ပဋိဇီဝဆေးတွေကို အလွန်အကျွံ သုံးစွဲတဲ့အတွက် ပေါ်ပေါက် လာစေတာလို့ ဆိုပါတယ်။

စူပါပိုးမွှား ပြဿနာကို အချိန်မီ မဖြေရှင်းနိုင်ရင် မကြာခင် ကာလမှာ သာမန် ရိုးရှင်းတဲ့ ရောဂါ ကူးစက်မှုတွေကိုတောင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါ မရှိတော့တဲ့ အခြေအနေနဲ့ ကြုံလာရဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ