ဆီးရီးယား လေကြောင်းတိုက်မှု ဆေးဝန်ထမ်း ၄ဦး သေဆုံး

  • 21 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကူညီ ထောက်ပံ့ရေး ယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာ ဆေးခန်း တိုက်ခိုက်ခံရ။

ဆီးရီးယား နိုင်ငံ၊ အလက်ပို မြို့အနီးမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာမှာ ရွာတစ်ရွာက ဆေးခန်းတစ်ခုကို ထိမှန်ခဲ့လို့ ဆေးဝန်ထမ်း ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြင်သစ် အခြေစိုက် ဆေးဝါးကူညီရေး အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

ဒီလို ဆေးခန်းကို တိုက်ခိုက်တာဟာ မတော်တဆ မဟုတ်နိုင်ဘဲ တမင် ပစ်မှတ်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ အဲဒီ UOSSM အဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သူပုန် တပ်သား ၉ ယောက်လည်း သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ကုလ သမဂ္ဂရဲ့ ကူညီ ထောက်ပံ့ရေး ယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာပဲ အခုလို ဆေးခန်း တစ်ခု တိုက်ခိုက် ခံခဲ့ရတာပါ။

တနင်္လာနေ့က အကူ ယာဉ်တန်း တိုက်ခိုက်ခံရလို့ ထောက်ပံ့ရေး ပစ္စည်းတွေ အပြည့်နဲ့ လော်ရီကား ၁၈ စီး ပျက်စီးခဲ့ပြီး အရပ်သား ၂၀ သေဆုံးခဲ့ပါတယ်။ စစ်ရာဇဝတ်မှု ဖြစ်နိုင်တဲ့ အဲဒီကိစ္စက ရုရှားမှာ တာဝန်ရှိတယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။

ရုရှားကတော့ အဲဒီ ထောက်ပံ့ရေး ယာဉ်တွေဟာ လေကြောင်း တိုက်ခိုက်ခံရတာ မဟုတ်ဘဲ မြေပြင်ပေါ်က မီးကြောင့် လောင်ကျွမ်း ပျက်စီးတာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

UOSSM အဖွဲ့ရဲ့ ညွှန်ချုပ် ဒေါက်တာ Zaydoun al Zoubi ကတော့ အကူ ယာဉ်တန်း တိုက်ခိုက် ခံရပြီး ဆက်တိုက်ဆိုသလို ဆေးခန်း တိုက်ခိုက် ခံရတာဟာ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ဆီးရီးယား အစိုးရ လေယာဉ် တစ်စီး ဒမာ့စကတ် မြို့အနီးမှာ ပျက်ကျ ခဲ့တယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ