ဆီးရီးယား မြောက်ပိုင်း လေယာဉ် မပျံသန်းရ သတ်မှတ်ဖို့ အမေရိကန် တိုက်တွန်း

  • 21 စက်တင်ဘာ 2016
_syria_kerry
Image caption အလက်ပ်ပို မြို့ နဲ့ ပတ်ဝန်းကျင် ဒေသ တွေ ပြင်းပြင်းထန်ထန် တိုက်ခိုက် ခံနေရ။

ဆီးရီးယား နိုင်ငံထဲ မှာ လိုအပ်တဲ့ လူသားခြင်း စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ ဆီးရီးယား မြောက်ပိုင်း တစ်ခုလုံး မှာ လေယာဉ် မပျံသန်းရ သတ်မှတ်ဖို့ လိုတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြောလိုက်ပါတယ်။

ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင် လာတဲ့ ယာဉ်တန်း ပြီးခဲ့တဲ့ တနင်္လာနေ့က လေကြောင်း အတိုက်အခိုက် ခံခဲ့ရတဲ့ အတွက် ရုရှားနဲ့ ဆီးရီးယား အစိုးရ ဟာ အပစ်ရပ် သဘောတူမှု ကို တကယ်တမ်း လေးစား လိုက်နာ လိုကြသလား ဆိုတဲ့ အပေါ် သံသယ တွေ တိုးမြင့် လာခဲ့ ရတယ်လို့လည်း ဝန်ကြီး ကယ်ရီက ဆိုပါတယ်။

အဲဒီ့ ယာဉ်တန်း ကို ရုရှား စစ်လေယာဉ် တွေက တိုက်ခိုက် ခဲ့တာလို့ အမေရိကန် က စွပ်စွဲ ထားပြီး ရုရှား ဘက်ကတော့ ငြင်းဆန် နေပါတယ်။

ဒီတိုက်ခိုက်မှု အပေါ် ဘက်မလိုက်ပဲ အသေးစိတ်ကျတဲ့ စုံစမ်း စစ်ဆေးမှု တစ်ရပ် ပြုလုပ်ဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က တိုက်တွန်း ထားပါတယ်။

ဒီ အချိန်မှာပဲ၊ ဆီးရီးယား နိုင်ငံထဲမှာတော့ လေကြောင်း တိုက်ခိုက်မှု တွေ အကြီးအကျယ် ဆက်လက် ဖြစ်ပေါ် နေပြီး၊ အထူးသဖြင့် အလက်ပ်ပို မြို့ နဲ့ ပတ်ဝန်းကျင် ဒေသ တွေ ပြင်းပြင်းထန်ထန် တိုက်ခိုက် ခံနေရပါတယ်။

အလက်ပ်ပို မြို့ အနီးက ကျေးရွာ တစ်ခု မှာ ဆေးခန်း တစ်ခု လေကြောင်း တိုက်ခိုက် ခံခဲ့ရလို့ သူနာပြု ၅ ဦး နဲ့ အရေးပေါ်ယာဉ် မောင်းနှင်သူ တစ်ဦး သေဆုံး သွားတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက် မှု အတွင်း အယ်လ်ကိုင်အေဒါ နဲ့ အဆက်အစပ် အယ်လ် နူစာရာ တပ်ဦး အဖွဲ့ဝင် ဟောင်း တွေ အပါအဝင် လက်နက်ကိုင် တချို့ သေဆုံး သွားတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ ကတော့ ဆီးရီးယား ထဲ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေတဲ့ အစီအစဉ် ပြန်လည် စတင်ဖို့ ပြင်ဆင် နေတယ် လို့ ပြော လာ ပါတယ်။

ကယ်ဆယ်ရေး ထရပ်ကား တွေ တချို့ ဒေသတွေကို သတိကြီးကြီး ထားပြီး စတင် သွားရောက်ဖို့ ရှိတယ်လို့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာက ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ