ရှားလော့မြို့မှာ အရေးပေါ် အခြေအနေ ကြေညာထား

  • 22 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption အစပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့။

အမေရိကန် ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနား ပြည်နယ်က ရှားလော့ မြို့မှာ လူမည်း တစ်ဦးကို ရဲက ပစ်သတ်ခဲ့တဲ့ ကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ ဒုတိယမြောက် ညမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာ ထားလိုက်ပါတယ်။

အင်္ဂါနေ့က Keith Lamont Scott ဆိုတဲ့ လူမည်း အမျိုးသား တစ်ဦးကို ရဲက ပစ်ခတ်ရာမှာ သေဆုံး ခဲ့တာပါ။

ဆန္ဒပြ သမားတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးခဲ့ပါတယ်။ ဆန္ဒပြသူ တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ရဲအရာရှိ လေးယောက်လည်း ဒဏ်ရာရတယ်လို့ ရဲဌာနက ပြောပါတယ်။

ဆန္ဒပြမှုတွေကို ကိုင်တွယ်ဖို့ အမျိုးသား အစောင့်တပ်ကို ချထားမယ်လို့ မြောက်ကာရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူး Pat McCrory က အစောပိုင်းက ပြောပါတယ်။

အသတ်ခံရတဲ့ မစ္စတာ စကော့ ဟာ ပစ္စတို သေနတ် ကိုင်ပြီး ကားထဲက ထွက်လာလို့ လက်နက်ချဖို့ ပြောပေမယ့် မလိုက်နာလို့ ပစ်ခတ် ခဲ့တာလို့ ရဲက ပြောပါတယ်။

ဒါပေမယ့် သူ့မိသားစုကတော့ မစ္စတာ စကော့ဟာ သူ့သား ကျောင်းက ပြန်အလာကို စာအုပ်ဖတ်ပြီး စောင့်နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ အဖြစ်နဲ့ ပတ်သက်ပြီး ရဲကားပေါ်က ရိုက်ထားတဲ့ စီစီတီဗီ ဗီဒီယိုကိုတော့ ရှားလော့ မြို့ဝန်က ပြန်ကြည့်ဖို့ ရှိနေပြီး အများပြည်သူ ကိုတော့ ထုတ်ပြမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ