အခွင့်အရေး လှုပ်ရှားတဲ့ တရုတ် ရှေ့နေ ထောင် ၁၂ နှစ်ကျ

  • 22 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ရှားလင်းကို ၂၀၁၄ ခုနှစ်မှာ ဖမ်းဆီးခဲ့။

တရုတ် နိုင်ငံမှာ အခွင့်အရေး လှုပ်ရှားသူတွေ ဘက်က ရပ်တည် ဆောင်ရွက်လေ့ရှိတဲ့ ရှေ့နေ တစ်ယောက်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ပါတယ်။

ရှေ့နေ မစ္စတာ ရှားလင်း ဆိုသူဟာ သူ့ရဲ့ လောင်းကစားကြွေး တွေကို ပြန်ဆပ်ဖို့ ဒေါ်လာ ၇ သိန်း လှည့်ဖြား ရယူခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် ခံခဲ့ရတာပါ။

ဒါပေမယ့် သူ့ကို ထောက်ခံသူတွေ ကတော့ မစ္စတာ ရှားမှာ အပြစ်မရှိဘဲ အစိုးရက သူ့ကို ထောင်ထဲ ထည့်နိုင်အောင် တမင် ဖန်တီးခဲ့တာလို့ ပြောကြပါတယ်။

မစ္စတာ ရှားလင်းရဲ့ အမှုသည်တွေထဲမှာ တရုတ် အစိုးရနဲ့ သဘောကွဲလွဲသူ အနုပညာရှင် အိုင်ဝေဝေ လည်း ပါဝင်ပါတယ်။

နောက်ပြီး အဓမ္မ ပြုကျင့်ဖို့ ကြိုးစားသူ အစိုးရ အရာရှိကို သတ်လိုက်တဲ့ ဟိုတယ် အလုပ်သမ တစ်ယောက် အတွက်လည်း ရှေ့နေ လုပ်ပေးခဲ့ဖူးပါတယ်။ ၂၀၁၄ တုန်းကလည်း ဟောင်ကောင်က ဆန္ဒပြသူတွေကို မစ္စတာ ရှားက ထောက်ပံ့ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာ တရုတ်အစိုးရက အခွင့်အရေး လှုပ်ရှားသူတွေ ဘက်ကနေ ဥပဒေ အကျိုးဆောင်ပေးတဲ့ ရှေ့နေတွေကို ရာနဲ့ချီပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

အဖမ်း ခံရတဲ့ ရှေ့နေတွေအနက် တချို့ကိုတော့ ပြန်လွှတ် ပေးခဲ့ပြီး အတော်များများကိုတော့ ဆက်လက် ဖမ်းဆီး ထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ