အလက်ပိုမြို့မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်

  • 22 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် THIQA AGENCY
Image caption သူပုန်တွေကို ထောက်ခံတဲ့ Thiqa သတင်းဌာနရဲ့ ဗီဒီယိုထဲမှာ ညအမှောင်ထဲ မီးတောက်မီးလျှံတွေ တက်လာတဲ့ပုံကို တွေ့ရ။

ဆီးရီးယား နိုင်ငံမှာ တစ်ပတ်ကြာ အပစ်ရပ်မှု ပျက်ပြား ခဲ့ပြီးနောက် အလက်ပိုမြို့က သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ လပေါင်းများစွာ အတွင်း အပြင်းထန်ဆုံး ဗုံးကြဲ တိုက်ခိုက်မှုတွေကို မနေ့က တစ်ညအတွင်းမှာ ရင်ဆိုင် ကြုံတွေ့ခဲ့ရတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလက်ပိုမှာ ရှိတဲ့ အေအက်ဖ်ပီ သတင်းထောက်ကတော့ တိုက်လေယာဉ်တွေ ဗုံးကြဲလို့ သူနေတဲ့ လမ်း တစ်လမ်းလုံး ညတွင်းချင်း မီးလောင်သွားတယ်လို့ ပြောပါတယ်။

ကလေး ၃ ယောက် အပါအဝင် အနည်းဆုံး ၇ ယောက် သေဆုံးတယ်လို့ ယုံကြည်ရပါတယ်။

ဒေသခံ ဆရာဝန် တစ်ယောက်ကတော့ ရိုက်တာ သတင်းဌာနကို ပြောရာမှာ လူ ၄၅ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

ဆီးရီးယားထဲက တခြား စစ်မျက်နှာ တွေမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေပါပြီ။

သူပုန်တပ်တွေနဲ့ အစိုးရတပ်တွေ တစ်ဖက် တစ်ပိုင်းစီ သိမ်းပိုက်ထားတဲ့ အလက်ပို မြို့ထဲမှာ လူ ၂ သန်းလောက် ပိတ်မိ နေတာပါ။

အဲဒီ လူတွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့နိုင်ဖို့ အဓိက ရည်ရွယ်ပြီး အပစ်အခတ် ရပ်ဆိုင်းဖို့အတွက် အမေရိကန်နဲ့ ရုရှားတို့ အစောပိုင်းက သဘောတူ ခဲ့ကြတာပါ။ ဒါပေမယ့် ထောက်ပံ့ရေး အကူအညီတွေ ပေးပို့နိုင်တဲ့အဆင့် အထိ မရောက်ခဲ့ပါဘူး။

တနင်္လာနေ့ကတော့ အကူ ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီ ကိစ္စအတွက် အမေရိကန်နဲ့ ရုရှားတို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ