ရှားလော့မြို့ တတိယမြောက်ည ဆက်လက် ဆန္ဒပြ

  • 23 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ညမထွက်ရ အမိန့်ကို အာခံပြီး ဆန္ဒပြခဲ့ကြပေမယ့် အကြမ်းဖက်မှု မရှိခဲ့။

အမေရိကန် ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနား ပြည်နယ်က ရှားလော့ မြို့မှာ လူမည်း တစ်ယောက်ကို ရဲက ပစ်သတ်ခဲ့တဲ့ ကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ တတိယမြောက် ညအဖြစ် ပေါ်ပေါက် ခဲ့ပါတယ်။

ဒေသအချိန် ကြာသပတေး ညက ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှု သိပ်မရှိခဲ့တဲ့အတွက် ထုတ်ထားတဲ့ ညမထွက်ရ အမိန့်ကို လက်တွေ့မှာ အကောင်အထည် မဖော်ခဲ့ဘူးလို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

ပစ်သတ် ခံရတဲ့ Keith Lamont Scott ဟာ ကိုင်ထားတဲ့ သေနတ်ကို မချတဲ့အတွက် ပစ်ခတ်ရတာလို့ ရဲတွေက ဆိုပေမယ့် သူ့မိသားစုကတော့ သူကိုင်ထားတာ သေနတ်မဟုတ်ဘဲ စာအုပ်သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဖြစ်အပျက် တစ်ခုလုံးရဲ့ မှတ်တမ်း ဗီဒီယိုကို ထုတ်ပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆို ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ပစ်ခတ်ချိန်က မှတ်တမ်း ဗီဒီယိုကို သူ့မိသားစုကို ထုတ်ပြ ခဲ့ပေမယ့် အများပြည်သူကိုတော့ ထုတ် မပြခဲ့ပါဘူး။

သူ့မိသားစု ရှေ့နေကတော့ မစ္စတာ စကော့ ကိုင်ထားတာ သေနတ် ဟုတ် မဟုတ် ဆိုတာကို ဗီဒီယိုထဲမှာ မမြင်ရဘူးလို့ ပြောပါတယ်။

လူမည်းတွေအပေါ် ရဲတွေက အင်အားသုံး နှိမ်နင်းတာ၊ ပစ်ခတ်တာတွေကြောင့် အမေရိကန် နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ၂ နှစ်လောက် ကြာအောင် ရှိနေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ