ဆီးရီးယားစစ်ပွဲ ရေဖြတ်တောက်မှုကို လက်နက် အဖြစ်သုံး

  • 25 စက်တင်ဘာ 2016
Aleppo ဓာတ်ပုံ မူပိုင် .
Image caption တိုက်ပွဲဒဏ် ရေပြတ်လပ်မှုဒဏ်ကို အလက်ပိုခံစားရ

ဆီးရီးယားနိုင်ငံ အလက်ပို မြို့မှာ အသစ်ပြန်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၂ သန်းကျော် ရေပြတ်တောက်ပြီး ဒုက္ခရောက်နေကြပါတယ်။

စစ်မက်ကာလအတွင်းမှာ ရေကို လက်နက်အဖြစ် အသုံးပြုလာကြတဲ့ အတွက် အပြစ်မဲ့ သာမန်ပြည်သူ နှစ်သန်းဟာ သောက်ရေသုံးရေ ပြတ်လပ်ပြီး အတိဒုက္ခ ကျရောက်နေကြရပါတယ်။

ဆီးရီးယားမှာ အပစ်ရပ်စာချုပ် ကျိုးပေါက်ပျက်စီးခဲ့ပြီးနောက်မှာ ရုရှားထောက်ခံ အားပေးတဲ့ ဘာရှားအယ်လ် အာဆတ် အစိုးရရဲ့ စစ်တပ်တွေနဲ့ အမေရိကန် ထောက်ခံ အားပေးတဲ့ သူပုန်အုပ်စုတွေအကြားမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန် လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း အရှိန်အဟုန်နဲ့ ပြန်လည် ဖြစ်ပေါ်လာခဲ့ ပါတယ်။

ကြာသပတေးနေ့တုန်းက အစိုးရကိုထောက်ခံတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အလက်ပိုမှာရှိတဲ့ ရေပေးဝေရေးစခန်းပျက်စီးခဲ့ပါတယ်။ သောကြာနေ့ မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေက ဆက်လက် ပြင်းထန်နေတဲ့ အတွက် အလက်ပို အရှေ့ပိုင်းက ရေပေးဝေရေး စနစ်ဟာ ပြင်ဆင်လို့ မရအောင် ဖြစ်ခဲ့ပါတယ်။

ဒါကို သူပုန်တပ်ဖွဲ့တွေက လက်စားချေတဲ့ အနေနဲ့ အလက်ပို အနောက်ပိုင်းအတွက် ရေဖြန့်ဝေပေးနေတဲ့ ပိုက်တွေကို ပိတ်ပစ်လိုက်ပါတယ်။

အခုလို လက်နက်ကိုင် တပ်ဖွဲ့တွေက ရေကို လက်နက်သဖွယ် အသုံးပြုကြတဲ့ အတွက် အရပ်သား နှစ်သန်းလောက်ဟာ ရေပြတ်လပ်ပြီး ဒုက္ခရောက်နေကြပါတယ်။

ဗုံးဒဏ်ကြောင့် အဆောက်အဦးတွေဟာ ပြိုကျပျက်စီးနေပါတယ်။ အုတ်ကျိုးအုတ်ပဲ့ တွေကြားကနေ ကလေးငယ်တွေကို ဆွဲထုတ်ယူနေရပါတယ်။ ဆေးရုံတွေဟာ လူနာတွေကို မနိုင်မနင်း ကုနေကြရပါတယ်။ ဒီကြားထဲမှာ ရေပြတ်လပ်တဲ့ ဒုက္ခကို ထပ်ဆင့် ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

သောကြာနေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၉၁ ယောက်သေဆုံးခဲ့ပြီး မနေ့က စနေနေ့တိုက်ခိုက်မှုကြောင့် လူ ၂၅ ယောက် အနည်းဆုံး သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ အန်ဂျီအိုတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ