အမျိုးသား အုပ်ထိန်းတဲ့စနစ်ကို ဖျက်ဖို့ ဆော်ဒီ အမျိုးသမီးတွေ တောင်းဆို

  • 26 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AZIZA AL YOUSEF
Image caption ဒီလှုပ်ရှားမှုအတွက် ဂုဏ်ယူတယ်လို့ Aziza al-Yousef က ပြော။

ဆော်ဒီ အာရေဗျ နိုင်ငံမှာ အမျိုးသားတွေ အုပ်ထိန်းတဲ့ စနစ်ကို ပယ်ဖျက် ပေးဖို့ တောင်းဆိုလွှာ တစ်ခုကို အမျိုးသမီး တစ်သောင်း လေးထောင်ကျော်က ဝိုင်းဝန်း လက်မှတ်ထိုးပြီး ဆော်ဒီ အစိုးရဆီ ပေးပို့ ခဲ့ကြပါတယ်။

အမျိုးသားတွေ အုပ်ထိန်းတဲ့ အဲဒီ စနစ်အရ အမျိုးသမီးတွေ အလုပ်လုပ်ဖို့၊ စာသင်ဖို့၊ နိုင်ငံခြား ခရီးသွားဖို့၊ စတဲ့ ကိစ္စတွေမှာ အမျိုးသားတွေရဲ့ ခွင့်ပြုချက် လိုအပ်တာ ဖြစ်ပါတယ်။

အခုတော့ အဲဒီ စနစ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုချက် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အမျိုးသမီး အရေအတွက် အများအပြားက ပထမဆုံး အခုလို လက်မှတ်ထိုး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် လှုပ်ရှားသူ Aziza Al-Yousef က အခု လှုပ်ရှားမှု အတွက် ဂုဏ်ယူရတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် အစိုးရကတော့ တစုံတရာ တုံ့ပြန်မှု မရှိသေးပါဘူး။

အစ္စလာမ္မစ် အယူဝါဒ လွှမ်းမိုးတဲ့ ဆော်ဒီ အာရေဗျ နိုင်ငံမှာ အမျိုးသမီး တစ်ဦး အနေနဲ့ ပတ်စ်ပို့ လျှောက်တာ၊ အိမ်ထောင်ပြုတာ၊ နိုင်ငံခြား ထွက်တာ၊ စတဲ့ ကိစ္စတွေမှာ ဖခင်၊ အစ်ကို၊ မောင်၊ ဒါမှမဟုတ် အမျိုးထဲက အမျိုးသား တစ်ဦးဦးရဲ့ ခွင့်ပြုချက်ကို ရဖို့ လိုအပ်ပါတယ်။ အမျိုးသား မရှိတဲ့ မုဆိုးမတွေ ဆိုရင်တောင် တခါတလေ ကိုယ့်ရဲ့ သားဆီကနေ ခွင့်ပြုချက် တောင်းရလေ့ ရှိပါတယ်။