စပိန် ဘန်ကီရာ မသမာမှု၊ IMF အကြီးအကဲဟောင်း ရုံးထုတ်

  • 26 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption IMF အကြီးအကဲဟောင်း Rodrigo Rato (ဝဲ) အမှု ထင်ရှားရင် ထောင်ဒဏ်နဲ့ ငွေဒဏ် ကျခံရဖွယ် ရှိ။

စပိန် နိုင်ငံမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ Bankia ဘဏ်ရဲ့ အကြွေးဝယ်ကတ် မသမာမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ အကြီးအကဲဟောင်း Rodrigo Rato နဲ့ ဘဏ်လုပ်ငန်း လုပ်ကိုင်သူ ၆၄ ဦးတို့ တရားရုံးမှာ စတင် အမှုရင်ဆိုင် ခဲ့ကြပါတယ်။

စပိန်ရဲ့ စီးပွားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ IMF အကြီးအကဲဟောင်း Rodrigo Rato တရားရုံးကို ရောက်လာစဉ် ဆန္ဒပြသူတွေက အော်ဟစ် လှောင်ပြောင် ခဲ့ကြပါတယ်။

မစ္စတာ ရာတို နဲ့ ၆၄ ဦးဟာ ဘန်ကီရာ ဘဏ် ဖြစ်လာမယ့် Caja Madrid ဘဏ်ရဲ့ အကြီးတန်း အရာရှိတွေအတွက် ကိုယ်ရေး ကိုယ်တာသုံးဖို့ အကြွေးဝယ် ကတ်တွေကို တရားမဝင် ထုတ်ပေးခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင် ခံနေရတာ ဖြစ်ပါတယ်။

အဲဒီ အကြွေးဝယ် ကတ်တွေနဲ့ ဟိုတယ်ခတွေ၊ အဝတ်အစားတွေ၊ ဖျော်ဖြေရေး ကိစ္စတွေ အတွက် ယူရို ၁၂ သန်းဖို့လောက် သုံးထားခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

မစ္စတာ ရာတို ကတော့ သူ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ ဘန်ကီရာ ဘဏ် ပြိုကွဲလု မတတ် ဖြစ်ခဲ့ပြီးနောက် စပိန်ရဲ့ ဘဏ္ဍာရေး ကဏ္ဍကို အီးယူကနေ အကူအညီတွေ ပေးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ