အမေရိကန် ပြောဆိုချက် လက်မခံနိုင်ဟု ရုရှားဆို

  • 26 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး အနည်းဆုံး လူ ၁၂၈ ယောက် သေဆုံးခဲ့တယ်လို့ ဆို။

ဆီးရီးယားထဲမှာ ရက်စက် ကြမ်းကြုတ်တဲ့ အရိုင်းအစိုင်း ဝါဒကို ရုရှားက ကျင့်သုံးနေတယ် ဆိုပြီး ကုလ သမဂ္ဂမှာ ပြောဆိုခဲ့မှုအပေါ် လက်သင့် မခံနိုင်ကြောင်း ရုရှားက အမေရိကန်နဲ့ ယူကေတို့ကို ကန့်ကွက် ဝေဖန် လိုက်ပါတယ်။

ရုရှားနဲ့ ဆီးရီးယား တပ်ဖွဲ့တွေဟာ အလက်ပိုမြို့က သူပုန် ဧရိယာတွေကို အလုံးစုံ ပျက်သုဉ်းဖို့ ဦးတည်ချက်နဲ့ တိုက်ခိုက်နေတယ်လို့ တနင်္ဂနွေနေ့က ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် စမန်သာ ပါဝါက ပြောခဲ့ပါတယ်။

အဲဒီလို ပြင်းထန်တဲ့ စကား အသုံးအနှုန်းနဲ့ ရုရှားအပေါ် ပြောဆိုမှုတွေက ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး ဆောင်ရွက်ချက်တွေကို ထိခိုက် စေနိုင်တယ်လို့ ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒမစ်ထရီ ပက်စ်ကော့ဗ်က သတိပေး ပြောဆို လိုက်တာပါ။

အလက်ပို မြို့မှာတော့ တနင်္ဂနွေနေ့ည တစ်ညအတွင်းမှာပဲ လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ရေ တစ်ဒါဇင်လောက် ထပ်ရှိခဲ့တယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အရပ်သား ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။

အပစ်ရပ်ဆိုင်းမှု အစီအစဉ် ပျက်ပြားခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး အလက်ပိုမြို့က သူပုန် ဧရိယာတွေမှာ သေဆုံးသူ အနည်းဆုံး ၁၂၈ ယောက် ရှိသွားပြီလို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ