လူ ၃ ဦး မျိုးဗီဇနဲ့ ကမ္ဘာ့ပထမဆုံး ကလေးကို ဖွားမြင်

  • 27 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် SPL

လူ ၃ ဦးရဲ့ မျိုးဗီဇတွေကို သုံးပြီး မျိုးပွားတဲ့ နည်းစနစ်သစ်နဲ့ ကမ္ဘာ့ ပထမဆုံး ကလေး တစ်ယောက်ကို ဖွားမြင်ခဲ့ပြီလို့ ယူကေ အခြေစိုက် New Scientist သိပ္ပံ မဂ္ဂဇင်းက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

မိခင်နဲ့ ဖခင် တို့ရဲ့ ပုံမှန် မျိုးဗီဇ အပြင် အလှူရှင်ဆီက မျိုးဗီဇ အနည်းငယ် ကိုပါ သုံးပြီး မျိုးဗီဇ ပြုပြင်ထားတဲ့ အဲဒီ သားယောက်ျားလေးကို ဖွားမြင် ခဲ့တာ အခုဆို ငါးလသား အရွယ် ရှိပါပြီ။

ဒီလို မျိုးဗီဇ ပြုပြင်တဲ့ နည်းစနစ်နဲ့ ဖွားမြင်ခဲ့တဲ့ အတွက် အဲဒီ ကလေးငယ် အနေနဲ့ သူ့မိခင်ဆီမှာ ရှိတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါကနေ ကင်းလွတ်ခွင့် ရစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မျိုးရိုးလိုက်တဲ့၊ မျိုးဗီဇ ချို့ယွင်းချက်ရှိတဲ့ တခြား မိသားစုတွေ အတွက်လည်း ဒီနည်းစနစ်က အကျိုးရှိစေမှာ ဖြစ်လို့ ဆေးသိပ္ပံ နယ်မှာ ခေတ်သစ် တစ်ခေတ်ကို စတင် လိုက်တာပဲလို့ ပညာရှင်တွေက ပြောပါတယ်။

ဒါပေမယ့် မိုက်တိုကွန်ဒရီယား တွေကို အစားထိုး ပြုပြင်တဲ့ ဒီနည်းစနစ်သစ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း ရှိနေပြီး၊ အသေးစိတ် ဂရုတစိုက် စောင့်ကြည့်ရမယ် လို့လည်း ပညာရှင်တွေက သတိပေး ထားပါတယ်။

ဆဲလ်တွေ အားလုံးလိုလိုမှာ ပါတဲ့ မိုက်တိုကွန်ဒရီးယား ဆိုတဲ့ အစိတ်အပိုင်းငယ် လေးတွေဟာ အစာအာဟာရ ကနေ စွမ်းအင် ထုတ်ပေးတဲ့ အလုပ်ကို လုပ်ကြတာပါ။

တချို့ အမျိုးသမီး မိခင်လောင်းတွေမှာ ရှိတဲ့ မျိုးဗီဇ ဆိုင်ရာ ချို့ယွင်းချက်တွေကို အဲဒီ မိုက်တိုကွန်ဒရီးယားတွေက သယ်ဆောင်ပြီး၊ မွေးဖွားလာမယ့် သားသမီးတွေကို လက်ဆင့်ကမ်း ပေးပါတယ်။

အခု နည်းစနစ်သစ်က မိခင်ရဲ့ မျိုးဥထဲက အဲဒီ မိုက်တိုကွန်ဒရီးယား တွေကို ဓာတ်ခွဲခန်းမှာ ပြုပြင်ပြီးမှ ဖခင်ရဲ့ သုက်ပိုးနဲ့ မျိုးစပ်တဲ့ နည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ