အလက်ပို ဗုံးကြဲမှု၊ ရုရှားကို အမေရိကန် သတိပေး

  • 28 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုမြို့က ဗုံးကြဲမှုတွေကို မရပ်ရင် သံတမန်ရေး ညှိနှိုင်းမှုတွေကို ရပ်ပစ်မယ်လို့ အမေရိကန်က ရုရှားကို သတိပေး။

ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့က ဗုံးကြဲ တိုက်ခိုက်မှုတွေကို မရပ်တန့်ဘူး ဆိုရင် ဆီးရီးယား အရေး ညှိနှိုင်းတာတွေ အားလုံးကို ရပ်တန့်ပစ်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လက်ဗ်ရော့ဗ်ကို သတိပေး ပြောဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မစ္စတာ ကယ်ရီက ဆာဂျေ လက်ရော့ဗ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်တဲ့ အမေရိကန်နဲ့ ရုရှားတို့ အကြား ညှိနှိုင်းမှု အားလုံးကို ရပ်တန့်ပစ်ဖို့ အသင့် ပြင်ထားပြီး ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ရုံးက ပြောဆို ပါတယ်။

အပစ်ရပ်မှု ပျက်ပြယ်ခဲ့ချိန် လွန်ခဲ့တဲ့ တစ်ပတ်က စပြီး အလက်ပိုမြို့ကို ဆီးရီးယား အစိုးရနဲ့ ရုရှားတို့ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်နေခဲ့တာပါ။

မြို့ပေါ်ကို မီးလောင်ဗုံးတွေ၊ ဘန်ကာ ဖျက်တဲ့ ဗုံးတွေ ကြဲချခဲ့တဲ့ ကိစ္စက ရုရှားမှာ တာဝန်ရှိတယ်လို့ အမေရိကန် ဘက်က မှတ်ယူကြောင်းလည်း မစ္စတာ ကယ်ရီက ပြောခဲ့တယ်လို့ ဆိုပါတယ်။

အလက်ပိုမြို့ အရှေ့ပိုင်းမှာ ပိတ်မိနေတဲ့ လူပေါင်း ၂သိန်းခွဲလောက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ