ရုရှားကို အဆက်အသွယ် ဆိုင်းငံ့မယ်လို့ အမေရိကန် သတိပေး

  • 28 စက်တင်ဘာ 2016
aleppo
Image caption အလက်ပ်ပို မှာ ဖြစ်ပျက် နေတာတွေဟာ သားသတ်ရုံထက် ဆိုးရွား လှတယ်။

ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့ကို တိုက်ခိုက် နေတာတွေ ရပ်တန့်သွားအောင် ရုရှားဘက်က အရေးယူ ဆောင်ရွက်မှုတွေ ချက်ခြင်း မလုပ်ဆောင် ပေးဘူး ဆိုရင် ရုရှားနဲ့ကြား ထားရှိထားတဲ့ အဆက်အသွယ် အားလုံး ဆိုင်းငံ့ လိုက်မယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် ကို သတိပေး ပြောကြား လိုက်ပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး တို့ တယ်လီဖုန်း ကနေ တဆင့် ဆက်သွယ် စကား ပြောခဲ့ကြတာ ဖြစ်ပါတယ်။

အလက်ပ်ပို မြို့ ကို မီးလောင်ဗုံးတွေ၊ ဘန်ကာ ကတုပ်ကျင်း ဖျက် ဗုံးတွေ သုံးပြီး တိုက်ခိုက် နေတာ အပါအဝင် ဖြစ်ပေါ် နေတဲ့ အခြေအနေ အားလုံး အတွက် ရုရှား မှာ တာဝန် ရှိတယ်လို့ အမေရိကန် က မှတ်ယူ ထားတယ် ဆိုပြီး ဝန်ကြီး ကယ်ရီ က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က စရေတွက်ရင် အလက်ပ်ပို တိုက်ပွဲ ကြောင့် သေဆုံး ခဲ့ရတဲ့ ကလေးသူငယ်ပေါင်း ၉၆ ဦးထက် မနည်း ရှိပြီး ၊ ကလေး အယောက် ၂ဝဝ ကျော်လည်း ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ရတယ် လို့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ ဆိုင်ရာ အဖွဲ့ ယူနီဆက်ဖ် က ပြောပါတယ်။

အလက်ပ်ပို မှာ ဖြစ်ပျက် နေတာတွေဟာ သားသတ်ရုံထက် ဆိုးရွား လှတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကလည်း ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ