နှိပ်စက် ညှဉ်းပမ်းတာတွေကို ထိုင်း စစ်အစိုးရက ခွင့်ပြုခဲ့ဟု စွပ်စွဲ

  • 28 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ထိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ လနဲ့ချီ ပေါ်ပေါက်ပြီးနောက် ၂၀၁၄ မှာ စစ်တပ်က အာဏာသိမ်းခဲ့။

ထိုင်း နိုင်ငံမှာ နှိပ်စက်ညှဉ်းပမ်းပြီး စစ်ဆေးတဲ့ ဓလေ့စရိုက်ကို စစ်အစိုးရက ခွင့်ပြု ထားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ရဲ့ အစီရင်ခံစာ အသစ်က ဆိုပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ ထိုင်း စစ်သားတွေနဲ့ ရဲတွေရဲ့ ရိုက်နှက်တာတွေ၊ မျက်နှာပေါ် အဝတ်စည်းပြီး ရေနဲ့လောင်းတာတွေ အပါအဝင် နှိပ်စက် ညှဉ်းပမ်းမှု ၇၄ ခုကို ဖော်ပြ စွပ်စွဲ ထားပါတယ်။

ထိုင်း စစ်တပ်ကတော့ အဲဒီ စွဲချက်တွေကို ငြင်းဆန်ပါတယ်။

အဲဒီ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးတဲ့အခါ နှိပ်စက် ညှဉ်းပမ်းတယ်လို့ ယူဆစရာ အထောက်အထား မတွေ့ခဲ့ရဘူးလို့ ထိုင်း ဝန်ကြီးချုပ် ရုံးရဲ့ ပြောခွင့်ရသူ က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

Amnesty အဖွဲ့က ဒီအစီရင်ခံစာကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဘန်ကောက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်ဖို့ စီစဉ်ထားပေမယ့် ထိုင်းအရာရှိတွေက သတိပေးခဲ့တဲ့အတွက် နောက်ဆုံး အချိန်ကျမှ ကပ်ပြီး ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ