အလက်ပိုမြို့က ဆေးရုံ ဗုံးကြဲခံရပြန်ပြီ

  • 1 အောက်တိုဘာ 2016
Image caption အလက်ပို မြို့က အပျက်အစီးတွေကို မြင်ရပုံ

ဆီးရီးယားနိုင်ငံ က သူပုန်တွေ ထိန်းချုပ်ရာ အလက်ပိုမြို့ အရှေ့ခြမ်း တဝိုက်က ဒေသတွေမှာ လေကြောင်းက တိုက်ခိုက်ခံရတာကြောင့် အဲဒီဒေသမှာ အကြီးဆုံး ဖြစ်တဲ့ ဆေးရုံ ပေါ်ကို စည်ပိုင်းဗုံး နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ဒါဟာ ခုရက်ပိုင်းအတွင်း အဲဒီ ဆေးရုံကို ဒုတိယ အကြိမ် ထိမှန်တာလည်း ဖြစ်ပါတယ်။

အဲဒီ ဆေးရုံကို ဆီးရီးယား အခြေစိုက် အမေရိကန် ဆေးအဖွဲ့က ကူညီပေးနေတာ ဖြစ်ပြီး ရုရှားက ထောက်ပံ့ ပေးနေတဲ့ ဆီးရီးယား အစိုးရ တပ်တွေက အလက်ပိုနဲ့အနီးတဝိုက်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အဲဒီဆေးရုံ ဟာ ဆီးရီးယား အစိုးရတပ် ဒါမှမဟုတ် ရုရှား စစ်လေယာဉ်တွေရဲ့ အလားတူ လေကြောင်းက တိုက်ခိုက်မှု ကြုံခဲ့ရပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Jean-Marc Ayrault က အခုနောက်ဆုံး တိုက်ခိုက်မှုအပေါ် ရှုတ်ချလိုက်ပြီး ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ဆိုပါတယ်။

ရုရှားကလည်း အမေရိကန် အနေနဲ့ ဆီးရီးယား အစိုးရ တပ်တွေကို စစ်ရေးအရ အရေးယူ ဆောင်ရွက်တာ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။

အမေရိကန်က အဲဒီလို ကျူးကျော်မှုမျိုး လုပ်လာရင် အရှေ့အလယ်ပိုင်း တလွှားမှာ သူ့အဆိုအရ ဆိုးရွားတဲ့ နောက်ဆက်တွဲကို ကြုံရနိုင်တယ်လို့ မော်စကိုမှာ ရှိတဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

ရုရှား မိတ်ဆွေ ဆီးရီးယား နိုင်ငံက သမ္မတ ဘတ်ရှားအယ် အာဆက်ဒ် ရာထူးက ဖယ်ရှားခံရရင် လစ်လပ်တဲ့ နေရာမှာ အကြမ်းဖက်သမားတွေက နေရာ ယူသွားနိုင်တယ်လို့ သူက ပြောပါတယ်။

အလက်ပို မြို့ကို ဆက်လက် ဗုံးကြဲ တိုက်ခိုက်နေတဲ့ အပေါ် အမေရိကန်နဲ့ ရုရုကြား တင်းမာမှု ဆိုးရွားလာချိန်မှာ အခုလို ဝေဖန် ပြောဆိုချက် ထွက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ