ဆီးရီးယား အရေး ကုလ ကြားဝင်ဖို့ ပင်လယ်ကွေ့ နိုင်ငံတွေတောင်းဆို

  • 1 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အလက်ပို မြို့အရှေ့ခြမ်း က အတိုက်အခံတွေ ထိန်းချုပ်ရာ ဒေသမှာ ရှိတဲ့ အကြီးဆုံး ဆေးရုံ တစ်ခုဟာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရ

ဆီးရီးယား နိုင်ငံမှာ အစိုးရ က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေမှု တွေ ရပ်တန့် အောင် ကုလသမဂ္ဂ အဖွဲ့ကြီးက ကြားဝင် ဆောင်ရွက် ပေးဖို့ ပင်လယ်ကွေ့ ဒေသ နိုင်ငံတွေက တောင်းဆို လိုက်ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့က ဆီးရီးယား နိုင်ငံ အလက်ပို မြို့အရှေ့ခြမ်း က အတိုက်အခံတွေ ထိန်းချုပ်ရာ ဒေသမှာ ရှိတဲ့ အကြီးဆုံး ဆေးရုံ တစ်ခုဟာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရပါတယ်။

အဲဒီ ဆေးရုံဟာ တစ်နေ့တည်းမှာတင် ၃ ကြိမ်မြောက် ဗုံးကြဲ တိုက်ခိုက် ခံရတာလည်း ဖြစ်ပါတယ်။

ဆေးရုံမှာ မပေါက်ကွဲ သေးတဲ့ စည်ပိုင်းဗုံး နှစ်လုံး ရှိနေတယ်လို့ ဆေးရုံကို အကူအညီ ပေးနေတဲ့ ဆီးရီးယား အခြေစိုက် အမေရိကန် ဆေး အဖွဲ့ကြီးက ပြောပါတယ်။

အဲဒီမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန် တစ်ဦး က ဆေးရုံ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဆေးရုံ အကြီးအကျယ် ထိခိုက် ပျက်စီး ခဲ့ရပါတယ်။ ဆေးကုသမှု လုပ်ငန်းတွေ ဘယ်တော့ ပြန်စ နိုင်မယ် ဆိုတာ မသိသေးဘူးလို့ ပြောကြား ပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကို ဆီးရီးယား အစိုးရ ဒါမှမဟုတ် ရုရှ နိုင်ငံက ပြုလုပ် ခဲ့တာ ဖြစ်ကြောင်း ဒေသခံ တွေက ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ