ကိုလံဘီယာ ငြိမ်းချမ်းရေး စာချုပ်ကို လူထု ဆန္ဒခံယူပွဲက ငြင်းပယ်

  • 2 အောက်တိုဘာ 2016
_colombia_farc_
Image caption အကြမ်းဖက် ဖြစ်ရပ် တွေ ပြန်လည် ပေါ်ပေါက် လာလေ မလား ဆိုတဲ့ စိုးရိမ်မှု တွေ မြင့်တက်။

ကိုလံဘီယာ နိုင်ငံမှာ အစိုးရနဲ့ FARC သူပုန် အဖွဲ့ကြား ရယူထားတဲ့ ငြိမ်းချမ်းရေး သဘောတူမှု ကို အတည်ပြု မလား ဆိုတာကို လူထု ဆန္ဒ ခံယူပွဲ ပြုလုပ် ခဲ့တာ မှာ လက်မခံရေး ဘက်က ပွတ်ကာသီကာ အနိုင်ရ သွားတယ် ဆိုတဲ့ အဖြေ ထွက်ပေါ် လာပါတယ်။

ငြိမ်းချမ်းရေး စာချုပ်ကို ကိုလံဘီယာ သမ္မတ ဟွန် မဲန်နွဲ ဆန်းတော့စ်နဲ့ တီမိုချန်ကိုလို့ အသိများတဲ့ FARC သူပုန် အဖွဲ့ ခေါင်းဆောင်တို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကမှ လက်မှတ် ရေးထိုး ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် စာချုပ်ပါ အချက်အလက် တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူ့ ဆန္ဒ ခံယူပွဲ ကျင်းပခဲ့တာ မှာ အခုလို ရလာဒ် ထွက်ပေါ် လာတာ ဖြစ်တဲ့ အတွက် အနှစ် ၅ဝ ကျော်ကြာ ပြည်တွင်းစစ် နဲ့ အကြမ်းဖက် ဖြစ်ရပ် တွေ ပြန်လည် ပေါ်ပေါက် လာလေ မလား ဆိုတဲ့ စိုးရိမ်မှု တွေ မြင့်တက် လာပါတယ်။

၅၂ နှစ်ကြာ ကိုလံဘီယာ ပြည်တွင်းစစ် အဆုံးသတ်ပြီး ပိုမို ကောင်းမွန်တဲ့ အနာဂတ် တည်ဆောက် နိုင်ဖို့ အခု ဆန္ဒ ခံယူပွဲဟာ အခွင့်အရေးပဲ ဖြစ်တယ် ဆိုပြီး ကိုလံဘီယာ သမ္မတ ဟွန် မဲန်နွဲ ဆန်းတော့စ်က အစောပိုင်းက တိုက်တွန်း ထား ပေမယ့်၊ ဒီ ဆန္ဒ ခံယူပွဲ ရလာဒ် မကောင်းရင် တခြား အစားထိုး အစီအစဉ် မရှိဘူးလို့လည်း သတိပေး ထားပါတယ်။

ငြိမ်းချမ်းရေး စာချုပ်အရ FARC သူပုန်တွေ လက်နက်ချပြီး ဥပဒေနဲ့ ညီညွတ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲ ပါဝင် ခွင့် ပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ