အလက်ပိုမြို့ တိုက်ပွဲတွေမှာ အစိုးရတပ်တွေ အသာစီးရနေ

  • 2 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပိုမြို့မှာ အရေးပေါ် ဆေးကုဖို့ လိုနေသူ လူရာကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ အဆင့်မြင့် ပုဂ္ဂိုလ်ပြော

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို ထိန်းချုပ်နိုင်ဖို့ သူပုန်တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ရုရှား ထောက်ခံ အားပေးတဲ့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေက အသာစီး ရနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

မနေ့ညက လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု အတော်များများအတွင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ ရှေ့တန်း စစ်မျက်နှာပြင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန် အခြေစိုက် လူ့အခွင့်အရေး ဆိုင်ရာ ဆီးရီးယား စောင့်ကြည့်လေ့လာရေး အဖွဲ့ က ပြောပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အလက်ပိုမြို့ မြောက်ပိုင်းက မြေပြင်ကို အစိုးရတပ်ဖွဲ့တွေ အသာစီးရဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ယူဆရပါတယ်။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့မှာ အရပ်သားတွေအတွက် လူ့ငရဲဒဏ် ခံစားနေရတဲ့ အခြေအနေမျိုး ရောက်နေတယ်လို့ ကုလသမဂ္ဂ အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ် Stephen O'Brien ကပြောပါတယ်။

အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်နေတဲ့ လူရာပေါင်းများစွာကို အဲဒီနေရာကနေ ကယ်ထုတ်ခွင့် ပြုဖို့ကိုလည်း နှစ်ဘက်စလုံးကို သူက တိုက်တွန်းလိုက်ပါတယ်။