ဆီးရီးယား အရေး ရုရှားနဲ့ကြား စကား ပြောဆိုမှုတွေကို အမေရိကန် ဆိုင်းငံ့

  • 3 အောက်တိုဘာ 2016
_syria_us_russia
Image caption အပစ်ရပ် သဘောတူမှုပါ အချက် အလက်တွေကို ရုရှားဘက်က မလိုက်နာခဲ့ဘူး ဆိုပြီး အမေရိကန်က ပြစ်တင်။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ကြား စကားပြောဆို နေတာတွေကို ဆိုင်းငံ့ လိုက်ပြီလို့ အမေရိကန် ပြည်ထောင်စုက ကြေညာ လိုက်ပါတယ်။

ဆီးရီးယားထဲ အပစ် ရပ်ကြဖို့ ပြီးခဲ့တဲ့ လက ရယူ ထားတဲ့ သဘောတူမှုပါ အချက် အလက်တွေကို ရုရှားဘက်က မလိုက်နာခဲ့ဘူး ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက ပြစ်တင် ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနဲ့ သူတို့ရဲ့ မဟာမိတ် ဆီးရီးယား အစိုးရတို့ဟာ ဆေးရုံတွေနဲ့ ကယ်ဆယ် ကူညီရေး အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးလို အရပ်သားတွေပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက် လာတယ်လို့လည်း အမေရိကန် ဘက်က စွပ်စွဲပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက် အတွက် စိတ်မကောင်း ဖြစ်ရတယ် ဆိုပြီး ရုရှား နိုင်ငံခြားရေး ဌာနက ပြောဆိုသလို၊ အမေရိကန်ဟာ အပစ်ရပ် သဘောတူမှုကို သူတို့ကိုယ်တိုင် လိုက်နာဖို့ ပျက်ကွက် ခဲ့တာကို ရုရှား အပေါ် အပြစ်ပုံချဖို့ ကြိုးစား နေတယ် လို့လည်း တုံ့ပြန် ပြောဆို ထားပါတယ်။

Image caption လေကြောင်း တိုက်ခိုက်မှု အတွင်း ဆေးရုံ ဝန်ထမ်း ၃ ဦး သေဆုံး။

ဒီအချိန်မှာပဲ၊ ဆီးရီးယားက လာတဲ့ သတင်းတွေအရ အလက်ပ်ပိုမြို့ သူပုန်တွေ ထိန်းချုပ် ထားရာ နယ်မြေထဲ တည်ရှိတဲ့ အကြီးဆုံး ဆေးရုံဟာ အခု သီတင်းတစ်ပတ် ထဲမှာကို ၃ ကြိမ်မြောက် အဖြစ် တနင်္လာနေ့က လေကြောင်း တိုက်ခိုက် ခံလိုက်ရပါတယ်။

M10 ဆေးရုံလို့ ခေါ်တွင်တဲ့ အဲဒီ့ ဆေးရုံဟာ လေကြောင်း တိုက်ခိုက် ခံခဲ့ရ ပြီးတဲ့နောက် ရိုက်ကူးထားတဲ့ ဗီဒီယို ထဲမှာ နံရံတွေ ပြိုပျက်ပြီး အပေါက်ရာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

လေကြောင်း တိုက်ခိုက်မှု အတွင်း ဆေးရုံ ဝန်ထမ်း ၃ ဦး သေဆုံး ခဲ့ရတယ်လို့ M10 ဆေးရုံကို ပံ့ပိုးပေး နေတဲ့ ဆီးရီးယား အမေရိကန် ဆေးပညာ အသင်း က ပြောပါတယ်။

ဆေးရုံဟာ လုံးဝ ပြိုကျလုလု အခြေအနေမှာ ရှိနေတယ်လို့ အဲဒီ့ ပရဟိတ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့် ရှိသူက ဆိုပါတယ်။

Image caption ကာ့ဒ် မျိုးနွယ်စု ဝင်တွေရဲ့ မင်္ဂလာ ပွဲ တစ်ခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရ။

တခါ၊ ဆီးရီးယား အရှေ့မြောက်ဘက် နယ် ဖြစ်တဲ့ အယ်လ်- ဟာဆာကာ မှာလည်း ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံး သွားပါတယ်။

အယ်လ်-တောလ် ဆိုတဲ့ ရွာမှာ ပြုလုပ် နေတဲ့ ကာ့ဒ် မျိုးနွယ်စု ဝင်တွေရဲ့ မင်္ဂလာ ပွဲ တစ်ခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဆီးရီးယား မြောက်ပိုင်းမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို တိုက်ခိုက် နေကြတဲ့ ဆီးရီးယား ဒီမိုကရက်တစ် အဖွဲ့ လို့ ခေါ်တဲ့ အာရပ်နဲ့ ကာ့ဒ် တပ်ပေါင်းစု အဖွဲ့ဝင် တစ်ဦးကို ပစ်မှတ်ထား လုပ်ကြံ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ